(၆) ကြိမ်မြောက် အင်္ဂလိပ်စာ အထူးသင်တန်း

https://youtu.be/KVs-yBHIaT4သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိတော်မူပြီး မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိတော်မူရာဖြစ်သော ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အထွက်အမြတ်ဆုံးထားရာ နေရာတစ်ခုဖြစ်ပါသည်။ ယင်းဗုဒ္ဓဂယာမှာ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်တွင် တည်ရှိပြီး ပတ္တနားမြို့မှ ကီလိုမီတာ ၁၁၀ ဝေးကွာသည်။ ပါဠိစာပေများတွင် မြတ်စွာဘုရား သဗ္ဗညုတဥာဏ်ကို ရရှိတော်မူသော ထိုဗုဒ္ဓဂယာကို ဗောဓိရုက္ခမူလဟူ၍လည်းကောင်း၊ ဗောဓိမဏ္ဍလဟူ၍လည်းကောင်း၊ သမ္ဗောဓိံဟူ၍လည်းကောင်း၊ သို့မဟုတ် ဥရုဝေလဟူ၍လည်းကောင်း ရည်ညွှန်းပြဆိုထားပါသည်။  နောင်ပွင့်လတံ့ဖြစ်သော အရိမေတ္တေယျ ဘုရားလောင်းသည်လည်းဤနေရာ၌ပင် ပွင့်တော်မူမည်ဟုမိန့်ဆိုထားပါသည်။ ထို့ကြောင့်  ကမ္ဘာတ၀ှန်းမှ ဗုဒ္ဓဘာသာဝင်များစွာတို့သည် အလေးအမြတ်ထားကာ ဤနေရာသို့ နှစ်စဉ်နှစ်တိုင်း လာရောက်ဖူးမျှော်ကြပါသည်။

မြန်မာနိုင်ငံမှာထုတ်ပြန်သောစာရင်းဇယားများအရ လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်ကြသူများအရေအတွက်မှာ ၄၀၀၀၀ ရှိသည့်ဟုသိရပါသည်။ ယခုနှစ်ဘုရားဖူးဧည့်သည့်အရေအတွက်3 မှာ ၅၀၀၀၀ ခန့်ရှိမည်ဟု ခန်းမှန်းထားပါသည်။ သို့ရာတွင် ယခုနှစ် ဂျူလိုင်လ ၉ ရက်နေ့ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ထိုကိန်းဂဏန်းအရေအတွက်ပြည့်ဖို့ သေချာမပြောနိုင်တော့ပါ။ စက်တင်ဘာလ ၈ ရက်နေ့တွင် နယူးဒေလီရှိမြန်မာသံရုံးမှ အိန္ဒိယနိုင်ငံတွင် ဘုရားဖူးရောက်ရှိနေကြသော ဘုရားဖူးခရီးသည်များ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ကြေငြာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါသည်။

ဗုဒ္ဓဂယာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီး သီတင်းနှစ်ပတ်မျှအကြာတွင် Young Buddhist Student Literacy Mission မှ ဗုဒ္ဓဂယာတွင် အသစ်ဆောက်လုပ်လျက်ရှိနေသော မဟာဗောဓိပရဟိတကျောင်းတွင် (၆) ခြောက်ကြိမ်မြောက် အင်္ဂလိပ်စာအထူးသင်တန်းကို စတင်ဖွင့်လှစ်လိုက်ပါသည်။ ဤသင်တန်းမှာ ဗုဒ္ဓဂယာ၌ ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ယခင်ငါးကြိမ်ဖွင့်လှစ်ပေးခဲ့သည့် အင်္ဂလိပ်စာ အထူးသင်တန်းအားလုံးကို ကိုလ်းကတ္တားမြို့ ဗောဓိသုခပရဟိတကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

2(၆) ကြိမ်မြောက်အင်္ဂလိပ်စာအထူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဂျူလိုင်လ ၂၄ ရက်နေ့တွင်ကျင်းပပြုလုပ်ပါသည်။ ယခင်သင်တန်းများနည်းတူ ယခုသင်တန်းကိုလည်း ဗုဒ္ဓဘာသာ ထောက်ပံ့ကူညီရေးအဖွဲ့နှင့် ဗုဒ္ဓဘာသာလူငယ်များ စာတတ်မြောက်ရေး အဖွဲ့တို့ပူပေါင်းကာ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ကူညီထောက်ပံ့ရေးအဖွဲ့မှ ကန် နှင့် ၀ိသာခါ ကာဝါဆကီတို့နှစ်ဦးမှာ အမြဲတမ်းလိုလိုပင် တက်တက်ကြွကြွရှိသူများဖြစ်ကြပြီး၊ သူတို့နှစ်ဦးသည် အင်္ဂလိပ်စာသင်ပြပို့ချနေသည်မှာ နှစ်ပေါင်း လေးဆယ်ထိကြာနေပြီးဖြစ်ပါသည်။ သူတို့နှစ်ဦးသည် မကြာသေးမီက ဗုဒ္ဓဘာသာအသိုင်းအ၀န်းတွင် သူတို့ရေးသားထုတ်ဝေလိုက်သော စာအုပ်များကြောင့် တဟုန်ထိုးနာမည်ကြီးသွားကြသည်။ သူတို့ရေးသားထုတ်ဝေလိုက်သော စာအုပ်များမှာ Jatakas Tales of the Buddha:An Anthology နှင့် Pilgrim’s Companion စာအုပ်များဖြစ်ကြသည်။ jatakas Tales of the Buddh စာအုပ်ကို သုံးတွဲခွဲကာထုတ်ဝေထားပြီး ယင်းစာအုပ်များတွင် ဇာတကပေါင်း ၂၁၇ ကို ထည့်သွင်းရေးသားထားပါသည်။ ယင်းဇာတကများကို ယနေ့အလွှာပေါင်းစုံမှ လူသားများတို့၏ဘ၀နှင့်နှိုင်းယှဉ်ကာ ရေးသားဖေါ်ထားပါသည်။ pilgrim’s Companion စာအုပ်မှာ ဘုရားဖူးခရီးသည်များအတွက် အလွန်အသုံးဝင်မည့် ဘုရားဖူးလက်စွဲ စာအုပ်တစ်အုပ်ဖြစ်ပြီး ယင်းစာအုပ်တွင် မြတ်စွာဘုရား၏ သုတ္တန်များကို ကောက်နှုတ်ဖေါ်ပြကာ သံဝေဇနိယဌာနများ၏ သမိုင်းကြောင်းကိုပါအသေးစိတ် ရေးသားထားသော စာအုပ်ဖြစ်ပါသည်။ထို့အပြင် ယင်း ဘုရားဖူးလက်စွဲစာအုပ်ကို ယခုနှစ် အင်္ဂလိပ်စာသင်တန်းတွင် သင်တန်းသားများအား သင်ပြရန်အတွက် ရည်ရွယ်ပြီး ရေးသားထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။

ယခုနှစ်သင်တန်းတွင် ဆရာအသစ်များကို ရရှိသည့်အတွက် ကံကောင်းသွားသည်ဟုဆိုရမည်ဖြစ်ပါသည်။ ဆရာ Che မှာ တရုတ်ပြည်နှင့် ထိုင်းနိုင်ငံတို့တွင် အင်္ဂလိပ်စာပြနေသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ယခင်သင်တန်းဟောင်းများတွင်ပြသခဲ့သော Steve မှာ မျက်လုံးရောဂါ အကြီးအကျယ်ခံစားနေရသဖြင့် ယခုနှစ်၌ သင်တန်းသို့ မလာရောက်နိုင်သောကြောင့် ကျောင်းသားဟောင်းများက စိတ်မကောင်းဖြစ်ကြရပါသည်။ သီရိလင်္ကာမှ ဆရာမ Vivi မှာ ယခုနှစ်သင်တန်းသို့ ရောက်လာနိုင်ခဲ့သော်လည်း သူမသည် သီတင်းနှစ်ပတ်မျှသာ ပြပေးနိုင်ခဲ့သည်။ နောက်တစ်ခု ကံအလွန်ကောင်းသည်မှာ မဟာဗောဓိ စေတီတော်တွင်ရဟန်းသံဃာများဆိုင်ရာ အထွေထွေအတွင်းရေးမှုးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူဆောက်ရွက်ပေးနေသော အရှင် Prajnasheel မှာသင်တန်းသားအဖြစ်ဖြင့် ပါဝင်လာခြင်းဖြစ်ပါသည်။ အရှင် Prajnasheel သည် သူ၏အတွေ့အကြုံများနှင့် အထွေထွေဗဟုသုတတို့ကို တစ်ခြားသင်တန်းသားများကို မျှဝေပေးကာ ဗုဒ္ဓဘာသာဆိုင်ရာ ပြဿနာများ၊ အိန္ဒိလူမျိုးတို့၏ဒဏ္ဍာရီပုံပြင်များနှင့် အိန္ဒိယလူမျိုးတို့၏ သမိုင်းအကြောင်းအရာများကို ပြောဆိုဆွေးနွေးပေးပါသည်။ သင်တန်းမှာ အလွန်ပျော်စရာကောင်းပြီး သင်တန်းသားများအတွက် အကျိုးကျေးဇူးများစွာ ဖြစ်သွားစေပါသည်။

3သင်တန်းပိတ်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့ပြုလုပ်ပါသည်။ သင်တန်းအပြီး မိန့်ခွန်းများ ပြောကြရာတွင် ၀ိသာခါ ဆရာမကြီးပြောသောမိန့်ခွန်းမှာယနေ့မျက်မှောက် ကမ္ဘာရေးရာနှင့်စပ်လျဉ်းပြီး ပြောပြသွားသဖြင့်အလွန်မှတ်သားစရာကောင်းလှပါသည်။ ဆရာမကြီး ၀ိသာခါမှာ ထေရ၀ါဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သော်လည်း မဟာယာနဗုဒ္ဓဘာသာတို့၏ ဘုရားလောင်းအယူအဆနှင့်ပတ်သက်၍ အထင်အမြင်မသေးကြဖို့ သင်တန်းသားများအားပြောပြသည်။ ပုဂ္ဂိုလ်တိုင်းသည် နောက်ဆုံးတစ်နေ့တွင် နိဗ္ဗာန်ချမ်းသာကို ရောက်နိုင်သောကြောင့် ဘုရားလောင်းသည် မည်သည့် ပုဂ္ဂိုလ်ကိုမျှ အထင်မသေးဖို့ အဓိဋ္ဌာန်ပြုထားသော ပုဂ္ဂိုလ်ဖြစ်သည်။ မြတ်စွဘုရားအား သွေးစိမ့်တည်အောင်လုပ်ခဲ့သူ၊ သံဃာများအား သင်းကွဲအောင်လုပ်ခဲ့သူ ဒေ၀ဒတ်တောင်မှ ပစ္စေကဗုဒ္ဓါအဖြစ်ဖြင့် ပရိနိဗ္ဗာန်စံဖို့ရှိကြောင်း၊ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် မည်သည့်ပုဂ္ဂိုလ်ကိုမှ အထင်အမြင်သေးဖို့ လုံးဝမသင့်ကြောင်းပြောပြသည်။ အမှန်အားဖြင့်ယနေ့ လူသားများ ရင်ဆိုင်နေရသောပြဿနာအားလုံးမှာ မနာလိုမှု၊ အထင်သေးရှုတ်ချမှု၊ စာနာစိတ်ကင်းမဲ့မှုများနှင့် အတ္တဆန်လွန်းမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ပြဿနာပေါင်းများစွာဖြင့် ရှုတ်ထွေးနေသော ယနေ့ကမ္ဘာကြီးတွင် ကျွန်ုပ်တို့၏ ဆောင်ပုဒ်ကဤသို့ဖြစ်ပါသည်။  “ အမုန်းမထား မေတ္တာပွား၊ မေတ္တာပွားရာ ငြိမ်းချမ်းသာ” ။

နိဂုံးချုပ်အနေဖြင့် ဤ ခြောက်ကြိမ်မြောက် ဗုဒ္ဓဘာသာ အင်္ဂလိပ်စာအထူးသင်တန်း၌ လာရောက်သင်ယူကြသော ရဟန်းသံဃာများအနေဖြင့် အကျိုးကျေးဇူးများစွာ ရရှိကြလိမ့်မည်ဟုမျှော်လင့်ပါသည်။ ။

မေတ္တာဖြင့်…

ဆရာတော်