မြေမြတ်မဟာ၌ သမိုင်းရေစီးထန်လာပြီ…
ရေစီးကြောင်းတို့၏ သဘောမှာ ရေစီးထိုင်းသည့် အခါရှိသလို၊ ရေစီးထန်သည့်အခါလည်းရှိပေသည်။ ရေစီးနှေးခိုက် ပိတ်ဆို့နေခဲ့သမျှတို့သည် ရေစီးရေဟုန် ပြင်းလာလျှင် လမ်းပွင့်သွားတတ်စမြဲဖြစ်သည်။ အလားတူပင် သမိုင်းဖြစ်စဉ်များကို ပြန်ကြည့်လျှင် မဖြစ်နိုင်၊ဖြစ်ဖို့ရာ လမ်းစပင် မမြင်နိုင်သည့် အခြေနေတရပ်သည် သမိုင်းအချို့အကွေ့တစ်ရပ်တွင် လျှပ်တပြက်အတွင်း အလွယ်ကလေးနှင့် အမှန်တကယ် ထပြီးဖြစ်လာတတ်သည်။ ဗုဒ္ဓဘာသာစတင် ပေါ်ပေါက်ရာ၊ ဗုဒ္ဓ၀ါဒ ချက်မြှုပ်မြေကို ဗုဒ္ဓဘာသာဝင်တို့ အမှန်တကယ် တန်ဖိုးထား မြတ်နိုးကြပါ၏။ ထိုသို့ထားရအောင်လည်း စင်စစ် မွန်မြတ်သောမြေဖြစ်သည်။ ဗုဒ္ဓဘာသာတို့၏ ရင်ထဲတွင် တကမ္ဘာလုံး၌ အမွန်မြတ်ဆုံးသောမြေ၊ ခန်းနားထည်ဝါဆုံးသောအရာဖြစ်၍ ဗုဒ္ဓဂယာ မဟာဗောဓိသည် ဗုဒ္ဓဘာသာတို၏ အထွဋ်မြတ်ဆုံးဖြစ်သော မြေမြတ်မဟာ (= the Most Sacred Buddhist land) ဖြစ်ပါသည်။ သို့တိုင် ဆဲ့နှစ်ရာစုတွင် အန္ဒိယ သာသနာ ကွယ်ခဲ့ချိန်မှသည် ယနေ့တိုင် ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာတို့ လက်ဝယ်၌ အပြည့်အ၀ ပိုင်ဆိုင်မှုမရှိခဲ့။ သက်ဆိုင်၏၊ မပိုင်ခဲ့ပါ။ ဘုရားရှင်လက်ထက်တော်မှသည် ယနေ့ကျအောင် သမိုင်းခေတ်များအဆက်ဆက်တွင် အနိမ့်အမြင့်အတက်အကျတို့ဖြင့် လာခဲ့ရသော ဗုဒ္ဓဂယာ သမိုင်းကြောင်း၏ ရေစီးသည် ဤနေရာ အရောက်တွင် ထာဝရပိတ်ဆို့၍ နေခဲ့သည်။ သမိုင်းခေတ်များမှသည် ယနေ့တိုင် တလျှောက်လုံး ပိတ်ဆို့၍နေခဲ့သော ရေဆိုးမြောင်းကြီးကို တော်ရုံရေစီးအားဖြင့် တိုက်လွှင့်ပယ်ရှားနိုင်ဖို့ရာ မဖြစ်နိုင်ခဲ့သည်မှာ ကြာတောင့်ကြာခဲ့ပါပြီ။ မိမိတို့အိန္ဒိယတွင် ဘ၀ကို မြှုပ်နှံ၍ သီတင်းသုံးနေကြသူများအနေဖြင့်လည်း မိမိတို့၏ စုစည်းမှု အားအင်ဖြင့်တွန်းသည့်တိုင် မရွေ့ နိုင်သည့်အခြေနေတွင် ရှိနေခဲ့သည်။ အဖြစ်မှာ ဗုဒ္ဓဂယာနှင့် ပတ်သက်လျှင် မိမိတို့တွေမှာ ၀င်ရောက်ဖူးမျှော်ခွင့်လေးရှိကြသည်။ ထို့ထက်မပို၊ တစုံတရာ အရေးဆိုခွင့်မရှိ၊ ပါဝင်လုပ်ဆောင်ခွင့်မရှိ။ တကယ့် အရေးဆိုလျှင်ပင် ဗုဒ္ဓဘာသာဖက်မှ အရေးနိမ့်ပြီးသား ဖြစ်နေခဲ့ပါသည်။ ဤအချက်များ နောက်ပိုင်းတွင် ထင်ရှားလာပါလိမ့်မည်။
ယခု ရက်ပိုင်းအတွင်း မိမိတို့ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့သည့် သာသနာရေးသတင်းတစ်ခုအရ သမိုင်းရေစီးထန်လာပြီး ဆိုနိုင်မည့် အကြောင်းအရာတခုကို တင်ပြလိုပါသည်။
“ဂယာရဲ့ သမိုင်းတခေတ်ကို အသစ်ရေးပါပြီ” “မင်းတုန်းမင်းကြီး သာဓုခေါ်ပါ” ဆိုသည့်စာတန်းတိုကလေးကို သီတဂူဆရာတော်ဘုရားကြီး၏ ၀က်ဘ်ပေ့ဂ်ျတွင် လျှပ်တပြက် ဖတ်လိုက်ကြရသည့် မြန်ဗုဒ္ဓဘာသာတချို့သိနေလောက်ပါပြီ။ ၁၃၊ ၁၀၊ ၂၀၁၅ နေ့တွင် တမ္ပ၀တီ ဦးဝင်းမောင်၊ တမ္ပ၀တီ ချိုဇော်မင်းနှင့် သီတဂူ ဘာဘူတို့ပါဝင်သည့် သီတဂူဆရာတော်ဦးဆောင်သည့် အဖွဲ့ ငယ် ဗုဒ္ဓဂယာသို့ ဆိုက်ရောက်လာသည်။ ဘီဟာပြည်နယ်အစိုးရ ယဉ်ကျေးမှုဝန်ကြီး ဦးဆောင်ပြီး၊ မိမိတို့ အိန္ဒိယဖက်မှ ပန်းစည်းကမ်းပြီး ကြိုကြသည်။ မဟာဗောဓိစေတီတော်ကြီးကို ဦးခိုက်ပူဇော်ပြီး ချက်ခြင်းဆိုသလိုပင် (ညနေ ၄ နာရီခန့်တွင်) မဟာဗောဓိစေတီတော် ဂေါပက ရုံးခန်းတွင် တွေ့ဆုံညှိနှိုင်ပွဲလေး တစ်ခုလုပ်ကြသည်။ တက်ရောက်သူများမှာ ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ အပြင် အိန္ဒိယနိုင်ငံခြားရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တချို့၊ အိန္ဒိယရှေးဟောင်းသုတေသနဌာနမှ ပညာရှင်တချို့ ၊ မြန်မာကောင်စစ်ဝန် ဦးသန်းထွေး၊ ဗုဒ္ဓဂယာ မြန်မာကျောင်းဆရာတော် ဦးဥာဏိန္ဒ၊ ဗုဒ္ဓဂယာ-မဟာဗောဓိပရဟိတ ကျောင်းတိုက်ဆရာတော် ဒေါက်တာ နန္ဒောဘာသနှင့် မဟာဗောဓိ ဂေါပကအဖွဲ့ မှ အတွင်းရေးမှူးတို့ဖြစ်ကြသည်။ အားရစရာကောင်းသည့် ဆုံးဖြတ်ချက် ကျသွားသည်။ လုပ်ငန်းစဉ် အစမှ အဆုံးတိုင် မြန်မာဖက်မှ တာဝန်ယူလုပ်ဆောင်မည်။ မြန်မာမှု၊ မြန်မာ့ဟန်အတိုင်း မြန်မာတို့စိတ်တိုင်းကျ ပြင်ရန်ဖြစ်သည်။
နောက်တစ်နေ့ (၁၄- ၁၀ – ၂၀၁၅) မနက်ခင်း
မဟာဗောဓိစေတီတော် တနင်္ဂနွေထောင့်နား၊ တောချုံအကွယ်တနေရာတွင် ညှိုးငယ်စွာ စမ္ပါယ်နေရသည့်ကြားမှပင် မင်းတုန်းမင်းကြီးကောင်းမှု၊ ကျောက်စာတော် စေတီငယ်နှစ်ဆူတို့သည် နေရဉ္ဇရာမြစ်ကို ဖြတ်တိုက်လာသည့် အရှေ့ လေကို ရှူသွင်းရင်း (၁၄၁) နှစ်ကြာ အတိတ်သမိုင်းကို စားမြုံပြန်နေဘိသို့ တွေ့လိုက်ကြရသည်။ ဆရာတော်ကြီး ဦးဆောင်သည့် မိမိတို့ အင်အားစုတွေထဲမှာ ဤနေရာသို့ ပထမအကြိမ် ရောက်ဖူးသူများပါသလို၊ အကြိမ်များစွာ ရောက်ဖူးသူတွေလည်းပါဝင်သည်။ အလုပ်သမားတွေ တောရှင်းနေဆဲမှာပင် ကျောက်စာဂူထဲဝင်ပြီး ကြိုစားဖတ်ကြသည်။ ဓါတ်ပုံရိုက်ကြသည်။
“အပ္ပရာဇိ ညောင်ဗောဓိသို့ အသဒိသ မြတ်ဒါနဟု စိန်မြပတ္တမြား ကိုးပါးန၀ရတ် လျှောက်ပတ်ခြယ်လှယ် လွန်ဆန်းကြည်ကို ကျယ်မကုန်နှိုင် ဆုံးမပိုင်တည့် နိုင်ငံသုံးလူ သာဓုယူလျှက်” …. လှူရေစက်ဖြင့်… စသည့် စာသားများက မပီ့တပီဖြစ်နေသည့်တိုင် ဖတ်၍မိတိုင်း ရင်တွင်းခံစားမှုတစ်ရပ်စီကို ဖြစ်ပေါ်စေသည်။ စင်စစ် မင်းတုန်းမင်းကြီးအတွက် ဤကုသိုလ်တော်သည် ပဉ္စမသင်္ဂါယနာတင်သာသနာ့ဒါယကာ၊ ရေမြေ့ရှင် ဧကရာဇ် တစ်ဦးအနေဖြင့် လှူခဲ့သမျှ ပြုခဲ့သမျှ အလွန့် အလွန် အဖိုးတန်လှသော သာသနာပြု ကုသိုလ်များအနက် အထူးခြားဆုံးဖြစ်၍ အသဒိသဖြစ်ခဲ့သလို၊ ဘ၀နေညှိုချိန်မှာ နောက်ဆုံးပိတ် ပြုဖြစ်ခဲ့သည့် ကုသိုလ်ထူးလည်း ဖြစ်ပါသည်။ အကြောင်းမှာ ခရစ် ၁၈၇၄ ခုနှစ်တွင် မင်းတုန်းမင်းကြီးမှ အိန္ဒိယဘုရင်ခံအထံသို့ စာချွန်တော်ပို့သည်။ မဟာဗောဓိစေတီတော် ပြင်ဆင်ခွင့် ရရှိရေးနှင့် နှစ်စဉ်ဘုရားဖူးအဖွဲ့များ လာရောက်ဖူးမျှော်ခွင့် ရရှိရေးအတွက် ဖြစ်သည်။ ၁၈၇၅ တွင် မြန်မာနိုင်ငံခြားရေးဌာနမှ မဟာဗောဓိစေတီတော်ပြင်ဆင်ခွင့်နှင့် ကျောင်းဆောက်လုပ်ခွင့်စသည့် အချက် (၈) ချက်ကို တောင်းဆိုသည်။ ၁၈၇၇ တွင် ပြင်ဆင်တည်ဆောက်ရေး လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်နိုင်ခဲ့သည်။ နောက်နှစ် (၁၈၇၈၊ စက်တင်ဘာလ)တွင် မင်းတုန်းမင်းကြီး နတ်ရွာစံသည်။ အပြီးမသတ်နိုင်ခဲ့သော လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ၁၈၈၀ တွင် ဗြိတိသျှ ကျောက်စာဝန် (ဆာအလက်စန္ဒား ကန်နင်္ဂဟန်) ဦးဆောင်ပြီး ဆက်ပြင်ရစ်ကြသည်။ ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်ဆဲ တနှစ်ကြာခန့်တွင်ပင် နတ်ရွာစံခဲ့သည်ဖြစ်၍ နောက်ဆုံးကုသိုလ်တော်များအထဲတွင် အကြီးကျယ်ဆုံး ဖြစ်နိုင်ပေသည်။
ကျောက်စာပါ ကုသိုလ်တော်စာရင်းကို ကြည့်လျှင်ပင် ထိုစဉ်က ရူပီး ခြောက်သန်းဘိုးမျှ ထိုက်သည့် ရွှေငွေကျောက်သံ ပတ္တမြားများ၊ တခြားတခြားသော အလှူများမှာ မရေမတွက်နိုင်လောက်အောင်ဖြစ်သည်။ ထိုမျှ များပြားသော ရတနာရွှေငွေတွေ ဘယ်ဆီရောက်သွားပါလိမ့်၊ အဖြေကား ပင်လယ်ဟူသည် ရေဖြင့် မရောင့်ရဲသည့်အလားပင်ဖြစ်သည်။ ထိုခေတ်ထိုခါက တခြားမည်သည့်နည်းလမ်းမှ မရှိတော့သည့် မြန်မာတို့မှာ ဘာသာခြား မဟန့်ဆိုသူများ လက်ထဲတွင်အပ်နှံခဲ့ကြရသည်။ ရည်ရွယ်သည်မှာ မဟာဗောဓိစေတီတော် ပြုပြင်ရေး၊ ဖြစ်လာသည်မှာ လူမျိုးခြားတို့ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာ။ ထို့ထက် ရင်နာဖို့ကောင်းသည့် ဖြစ်စဉ်ဖြစ်ရပ်တို့သည် ဤဘုရားပတ်ဝန်းကျင်တွင် ခေတ်တလျှောက်လုံး ဖြစ်ချင်တိုင်း ဖြစ်နေခဲ့ခြင်းပင်။ အစားမထိုးနိုင်တော့သည့် ရှေးမြန်မာ-ရခိုင်ဘုရင်တို့၏ ကျောက်စာများ ခြေရာခံမရအောင် ပျောက်ဆုံးခဲ့ရသည်။ အဓိဌာန်စေတီငယ်များ သျှီဝလိင်္ဂအသွင်ပြောင်းခဲ့ရသည်။ ဘုရားလောင်းရုပ်တုများနှင့် ဘုရားဆင်းတုတော်များကိုပင် ယင်းတို့၏ နတ်အသွင်ပြောင်းပစ်ခဲ့ကြသည်လည်း ရှိသည်။ အဆိုးဆုံးမှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့် လွတ်လပ်အေးချမ်းစွာ ၀င်ထွက်သွားလာ၍ ဖူးမျှော်ကြည်ညိုခွင့် မရနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုကျောက်စာစေတီများ တောင်ဖက်ရှိ မင်းတုန်းမင်းကြီးကိုယ်တိုင် လှူခဲ့သည့် ဇရပ်တော်အထင်အရှားရှိသေးသည်။ (မဟန့်တို့၏ အသိုင်းအ၀ိုင်းများ နေထိုင်နေကြသည်ကို မြင်တွေ့နိုင်ကြသည်)။
အနာဂါရိက ဓမ္မပါလ ခေတ္တတည်းခိုခဲ့ဖူးသည့် ဤဇရပ်၊ ဤဇရပ်ပေါ်မှ နှင်ချခံခဲ့ရဖူးပြီး၊ မဟာဗောဓိစေတီတော်ကြီးအပေါ်ထပ်တွင် ဂျပန်မှ လှူခဲ့သည့် စန္ဒကူးဘုရားကို အနေအထားချနေစဉ် မဟန့်လူများက ဘုရားကို အပေါ်ထပ်မှ အောက်သို့ပစ်ချပြီး၊ ဓမ္မပါလအားလည်း ရိုက်ကြသည်။ ဤအတွက် ဂယာခရိုင်တရားရုံးတွင် တိုင်ချက်ဖွင့်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဇရပ်ပိုင်ဆိုင်မှုအငြင်းပွါးခဲ့ရာ တော်ရုံနှင့် မပြတ်အောင် ရှည်လျားနေခဲ့သည်။ ဤအမှုတွဲအတွက် အနာဂါရိက ဓမ္မပါလနှင့် ကုသိန္နာရုံ ဆရာတော်ကြီး ဦးစန္ဒြမဏိတို့သည် ရတနာဂီရိတွင် စံနေခဲ့သည် (မင်းတုန်းမင်း၏ သားတော်) သီပေါမင်းထံသို့ အရောက်သွား၍ ဇရပ်ပိုင်ဆိုင်မှုကို သက်သေထွက်ဆိုစေခဲ့သည်။
ဤနေရာ၌ မဟန့်ဆိုတာ ဘယ်လိုပုဂိုလ်တွေဖြစ်သည်။ သူတို့နှင့် ငါတို့ ဘယ်လိုပတ်သက်လာခဲ့ပြီး၊ ဘယ်လောက်အတိုင်းအတာအထိ သူတို့ဒုက္ခပေးခဲ့သည် ဆိုသည့် နောက်ခံသမိုင်းကြောင်းများနှင့် စပ်လျဉ်း၍ ဆရာ D.C. Ahir ၏ တင်ပြချက်ကို ဖော်ပြပါမည်။
ဟိန္ဒူမဟန့်၏ ဗုဒ္ဓဂယာကို သိမ်းပိုက်ခဲ့ပုံ
မြေမြတ်မဟာ ဗုဒ္ဓဂယာတည်ရှိရာ အိန္ဒိယတိုက်ငယ်တွင် သာသနာ ကွယ်ခဲ့သည်မှာ ၁၂ ရာစု အလယ်လောက်တွင် ဖြစ်သည်။ ၁၅၉၀ တိုင်အောင် နောက်ထပ် ရာစုနှစ် သုံးစုကြာ ကြားကာလ တစ်လျှောက်လုံးတွင် မဟာဗောဓိစေတီ ( ဗုဒ္ဓဂယာ) အကြောင်းကို သိရှိသူဟူ၍ မရှိတော့သလောက် ဗုဒ္ဓဘာသာ အမှောင်ခေတ်ကာလဖြစ်နေခဲ့သည်။ ထိုခေတ် ထိုခါက ဟိန္ဒူမဟန့်တစ်ဦးဖြစ်သည့် Gosain Ghamandi Giri ဆိုသူပေါ်ထွက်လာခဲ့ပြီး၊ ၄င်းသည် မဟာဗောဓိစေတီတော်ကြီး၏ အနီးအပါးတွင် ထာဝရနားခိုနေထိုင်ရန် ဆုံးဖြတ်ပြီး၊ ကျောင်းငယ်တစ်ဆောင် ဆောက်လုပ်ခဲ့သည်။ ၄င်းကို ဆက်ခံသည့် ဒုတိယမြောက် မဟန့်၏ လက်ထက်တွင်မူ ဒေလီရှိ မဂိုအင်ပါယာဘုရင်၏ သဘောတူခွင့်ပြုချက်ဖြင့် ဗုဒ္ဓဂယာတည်ရှိရာ ရွာများဖြစ်ကြသည့် တာရဒီနှင့် မတ်စ်တိပူပတ်ဝန်းကျင်တွင် များပြားကျယ်ဝန်းသော မြေကြီးများကို လက်ခံရရှိခဲ့ပေသည်။ ထိုစဉ်က အုပ်ချုပ်သူ မူဆလင်မင်း၏ သခင်အားရ ကျွန်ပါးဝဆိုသလို- ခရိုနီဖြစ်နေခဲ့သည့် အဆိုပါမဟန့်အနေဖြင့် ယင်း၏ပိုင်ဆိုင်မှုနယ်မြေထဲတွင် ဘုရားဝင်းပါဝင်ကြောင်းကို ဖော်ပြခဲ့သည်ကားမဟုတ်ချေ။ နောက်ပိုင်း ယင်းတို့အား ဆက်ခံသည့် မဟန့် များ တစ်ဦးပြီး တစ်ဦးလက်ပြောင်း ဆက်ခံခဲ့ကြပြီး ၁၈ – ရာစုနှောင်းခေတ်အရောက်တွင်မှ မဟာဗောဓိစေတီတော် ပရိဝုဏ်ကို သူ့ဟာနှင့်သူ ၀င်ရောက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။ (မည်သည့် အာဏာပိုင်အထံကမှ တရားဝင်လွှဲပြောင်းရယူခဲ့ခြင်း မရှိကြောင်း မှတ်သားရပါမည်)။
ထိုသို့သိမ်းပိုက်လိုက်ပြီးနောက်တွင် ဗုဒ္ဓဘာသာတို၏ အထွဋ်မြတ်ဆုံးထားရာ မြေမြတ်မဟာ (= the Most Sacred Buddhist land) အား အလွန်အမင်းနိုင်လှသော အဂါရ၀လုပ်ရပ်များ တစ်ခုပြီးတစ်ခု စတင်လာခဲ့လေသည်။ ပဌမအနေဖြင့်ကား -စေတီ၊ ပုထိုးများ၊ ဘုရားဆင်းတုတော် ကျိန်းဝပ် ပါဝင်သည့် ဘုရားကျောင်းတော်များဖြင့် ပြည့်နှက်ဝေစည်နေခဲ့သည့် ဘုရားပရိဝုဏ်ကြီးတစ်ခုလုံးကို ယင်းတို့လူအုပ်ကြီးအတွက် သုတ်သန်သင်္ချိုင်းမြေအဖြစ် ပြောင်းလဲအသုံးပြုလိုက်ခြင်းဖြစ်သည်။ ဤအချက်ကို ဘုရားကြီး အ၀င်လက်ယာဖက် မုခ်ဝနားတွင် ကပ်ရက် တည်ရှိဆဲဖြစ်၍၊ မမြင့်ချင့်အဆုံး ယနေ့တိုင် မြင်တွေ့နေကြရသည့် Samadh ခေါ်ဟိန္ဒူဘုန်းကြီးတို့၏ သင်္ချိုင်ဂူသုံးလုံးက သက်သေထူနေသည်။
အလားတူဒုတိယ လုပ်ရပ်မှာ – သဗ္ဗညုတ ဥာဏ်တော်ကြီး၏ သင်္ကေတသဖွယ်ဖြစ်သော မဟာဗောဓိကျောင်းတော်ကြီးအား သျှီဝနတ်ဘုရား၏ ကျောင်းတော်အဖြစ် လုံးဝအသွင်ပြောင်းလဲပစ်လိုက်ကြခြင်းဖြစ်သည်။ ဤလုပ်ငန်းစဉ် အကောင်ထည်ဖော်ရာတွင် မဟန့်များသည် ကျောင်းတော်ကြီးထဲတွင် ကျိန်းဝပ်တော်မူသည့် ဘုရားဆင်းတုတော်များအား ရွှေ့ ပြောင်းထုတ်ယူကြသည်။ အထိကရဖြစ်သည့် အတွင်းဝဇိရာသန (မြန်မာအခေါ် အပ္ပရာဇိတ) ပလ္လင်တော်ရှေ့ တည့်တည့်မှာပင် သျှီဝလိင်္ဂကျောက်တုံးကြီးကို ပန္နက်ချပြီးနေရာပေးထားခဲ့ကြသည်။ ယင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အရေးဆိုကြသူများလွန်း၍ ဖယ်ရှားပေးခဲ့ရသည့်တိုင် ယင်းတည်ရှိခဲ့သည့် တွင်းပေါက်ဝကိုပင် ဟိန္ဒူတွေ တဖွဲဖွဲလာရောက်ပူဇော်နေကြဆဲဖြစ်သည်။
ထိုနည်းနှင်နှင် လုပ်ဆောင်ချက် နောက်တစ်ခုမှာ – မဟာဗောဓိကျောင်းတော် မုခ်ဝလက်ဝဲဖက် မုခ်ဝရှေ့နားရှိ ပဉ္စပဏ္ဍ၀ကျောင်းတော်ဆိုသည့် ကျောင်းဖြစ်သည်။ ခိုင်မာစွာ ခြေကုတ်ယူနိုင်ရေး ရည်ရွယ်ချက် သက်သက်ဖြင့် တီထွင်ဖန်တီးလိုက်သည့် ထိုကျောင်းတော်ထဲမှ ပဏ္ဍ၀ညီနောင် ငါးဦးအဖြစ်ဆေးနီများတို့၊ နတ်ဝတ်စည်းခံပြီး သရုပ်ဆောင်နေရရှာသည့် ရုပ်တုတော်များမှာ စင်စစ် မိမိတို့၏ ကိုးကွယ်ရာ ဗုဒ္ဓရုပ်တုတော်များပင်ဖြစ်ကြပါသည်။
ထို့ပြင်လည်း ဟိန္ဒူမဟန့်၏ အဂါရ၀၊ အမနာပ နိမ့်ကျယုတ်မာလှသော လုပ်ရပ်တစ်ခုကား ဗုဒ္ဓဘာသာ ပန်းပု အနုအရွ လက်ရာများ၊ ဆင်းတုတော်များ ကျောက်စာပြား၊ ကျောက်စာတိုင်များ စသည်စသည် အလီလီအထွေထွေ တွက်ရေမရ၊ အစားမထိုးနိုင်တော့သည့် ရှေးဟောင်းအမွေတို့၏ တန်ဖိုးကိုမျှ ထားရကောင်းမှန်း မသိနားမလည်စွာဖြင့် ယင်းတို့၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ချသုံးလိုက်ခြင်းဖြစ်သည်။
သို့တိုင် ယနေ့မျက်မှောက်ကာလတွင်မူ သမိုင်းမြောင်းဆွေးကြီးထဲတွင်ပင် အရာရာတို့သည် ပြောင်းလဲတိုးတက်သလောက် တိုးတက်ပြောင်းလဲခဲ့ပါပြီ။
လက်ရှိမဟန့်နှင့် သူ့အသိုင်းအ၀ိုင်းသည် ယခင့်ယခင်က မဟန့်များလို သွေးဆိုးပုံမရသည့်အပြင် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်၍ ရသည့် အခြေနေတွင် ရှိနေပါပြီ။ ထို့ထက်အခရာကျသည့် ပဓာန အကြောင်းခံတစ်ခုရှိနေသေးသည်။ ယင်းမှာ The Mahabodhi Temple Act 1949 ဖြစ်သည်။
မဟာဗောဓိစေတီတော် အက်ဥပဒေ၏ အရေးကြီးသော အပိုဒ်နှင့် မျှတမှုမရှိပုံ
မဟာဗောဓိ စေတီတော်ကြီး၏ ဂေါပကအဖွဲ့ထဲတွင် အဖွဲ့ ဝင်(၈) ဦးနှင့် ဥက္ကဌတစ်ဦး စုစုပေါင်း (၉)တို့ပါဝင်သည်။ အဖွဲ့ဝင်ရှစ်ဦးတို့မှာ ဟိန္ဒူလေးဦး၊ ဗုဒ္ဓဘာသာ လေးဦးဖြစ်သည်။ ဂယာခရိုင်ဝန် (The District Magistrate of Gaya) သည် ဗုဒ္ဓဘာသာဝင်ဖြစ်နေပါက၊ သင့်တော်သောဟိန္ဒူတစ်ဦးကို ဥက္ကဌအဖြစ် ဗီဟာပြည်နယ်အစိုးရမှ ခန့်အပ်မည်ဖြစ်ပြီး၊ မဟန့်မှာ ဟိန္ဒူလေးဦးအနက် ထာဝရအဖွဲ့ ဝင်ဖြစ်သည်။
စင်စစ်-ဥပဒေပါ ဤသတ်မှတ်ချက်အရပင်လျှင် ဟိန္ဒူဖက်မှ ထာဝရ အသာစီးရလေအောင် ဥပဒေကြောင်းအရ ပါးနပ်စွာ (ပါးပါးလေးရိပ်) စီစဉ်ထားခြင်းဖြစ်သည်။ ထို့ပြင်လည်း ယခုလက်ရှိ ပြည်နယ်ဝန်ကြီးချုပ် နေတိသျှ ကူးမားရ် ၏ လက်ထက်တွင် ဟိန္ဒူ-ဥက္ကဌအစားထိုး ခန့် အပ်ခြင်းကို ပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်းသိရပါသည်။ ထိုအခြေနေမျိုးတွင်မူ ဗုဒ္ဓဘာသာဖက်မှ ငါးမဲ- ဟိန္ဒူဖက်မှ လေးမဲဖြစ်၍ ဗုဒ္ဓဘာသာ အသာစီးရပါလိမ့်မည်။ ဗီဟာပြည်နယ်တွင် ဗုဒ္ဓဘာသာလူဦးရေသည် ပြည်နယ်တစ်ခုလုံး လူဦးရေစုစုပေါင်း သုဉ်ညဒသမ သုဉ်ည တစ်(၀.၀၁) ရာခိုင်နှုန်းခန့် ဖြစ်သဖြင့် ဗုဒ္ဓဘာသာတစ်ဦး ဂယာခရိုင်ဝန်ဖြစ်လာနိုင်ခြေမှာလည်း ဖြစ်ခေါင့်ဖြစ်ခဲပင်ဖြစ်ပါသည်။
သို့ဖြစ်၍ ယခုအထိ နောက်ဆုံးဖြစ်နေသည့် အခြေအရပ်ရပ်ကို ခြုံငုံသုံးသပ်ရလျှင် ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာတို့လက်ထဲတွင် ထက်ဝက်မျှ မရောက်သေးပါ။ ဗုဒ္ဓဂယာအား မြေမြတ်မဟာဆိုသည့် ဂုဏ်နှင့် ထိုက်တန်အောင် တိုးတက်သည့်အဆင့် မြှင့်တင်နိုင်အောင်ဆိုလျှင် ဗုဒ္ဓဘာသာတို့၏ လက်ဝယ်၌ ထိုက်သင့်သော လုပ်ပိုင်ခွင့်ရှိမှဖြစ်နိုင်ပါလိမ့်မည်။ ထို့ကြောင့် မြေမြတ်မဟာမှာ သီတဂူမေတ္တာမိုးလိုမျိုး မိုးကြီးရေလျှံ အလုံအလောက်စီးပါမှ သမိုင်းရေဆိုးမြောင်းကြီး ပွင့်ကောင်းပွင့်ပါလိမ့်ဦးမည်။ မည်သို့ပင်ဖြစ်စေ မင်းတုန်းမငးကြီး၏ ကျောက်စာတော်စေတီထဲမှ ကျောက်စာ သံပိုင်းပါ စာသားများအရ ထိုစဉ်က ထားရှိခဲ့ကြသည့် သမ္မာဆန္ဒတို့ တဖန်ရှင်သန်နိုးထခွင့် ရမည့် အရေးတခုပေါ်လာပြီဟု ဆိုချင်ပါသည်။ ယခုသီတဂူဆရာတော်ဘုရားကြီး၏ ဆောင်းပါးကို ဖတ်ကြည့်လျှင်ပင် ဗုဒ္ဓဘာသာတို့၏ ခန္တီနှလုံး ကိုယ်စီသုံး၍ အဆုံးရောက်အောင် ပြင်ကြမည့်အဖြစ်ကို သိသာပေါ်လွင်နေပြီးဖြစ်ပါသည်။
ခေတ်အဆက်ဆက် ပိတ်ဆို့နေခဲ့သော သမိုင်းရေဆိုးမြောင်းကြီးသည် မြေမြတ်မဟာမှာ အုံ့ ဆိုင်းစွေသွန်စပြုလာနေပြီးဖြစ်သည့် သီတဂူမေတ္တာမိုးရေစီးဖြင့် လမ်းပွင့်သွားမည် မုချဟု ယုံကြည် တက်ကြွနေမိပါတော့သည်။
မေတ္တာဖြင့်-
ဆရာတော် ဒေါက်တာနန္ဒောဘာသ
မဟာဗောဓိပရဟိတကျောင်း၊ ဗုဒ္ဓဂယာ။