အပိုလိုဆေးရုံ၌ ကျောက်ကပ်အစားထိုးကုသမှု (ကိုယ်တွေ့မှတ်စု)
ဒီစာစုက အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ အပိုလိုဆေးရုံကြီးမှာ တက်ရောက်ပြီးတော့၊ ကျောက်ကပ် အစား ထိုးကုသခံရပုံအကြောင်း ကျွန်မကိုယ်တွေ့ မှတ်စုလေးပဲဖြစ်ပါတယ်။ ကျွန်မက အသက်(၆၆)နှစ်အရွယ် မြန်မာ အမျိုးသမီးကြီး၊ သားကြီးရဲ့ အသက်က ၄၁ နှစ်၊ သမီးက ၃၅-နှစ်၊ သူတို့နှစ်ဦးလုံးက အိမ်ထောင်ရှင်တွေ ဖြစ်ကြ ပြီးတော့၊ ကျွန်မခင်ပွန်းနဲ့ပါဆိုရင် ကျွန်မတို့ မိသားစုလေးဦးဟာ ရန်ကုန်မှာပဲ အတူတကွ နေထိုင်နေကြပါတယ်။
ကျမ အသက်(၂၀)ကျော်အရွယ်-လူငယ်ဘ၀၊ ဒေါက်တာတွေက အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲသည့် ရောဂါဖြစ်တယ်လို့ ဆေးစစ်တွေ့ရှိကတည်းကပဲ ကျွန်မ ဒုက္ခရောက်ခဲ့တာပါ။ ကျွန်မခံစားခဲ့ရတဲ့နာကျင်မှုလျှပ်တ ပြက် သက်သာစေဖို့ ဝေဒနာလျော့ပါးစေတဲ့ အကိုက်အနာပျောက်ဆေးတွေ ကျွေးခဲ့ကြပါတယ်။ သည်လိုနဲ့မဖြစ် စလောက်ကလေးနာပြီဆိုရင်ပဲ အဲဒီဆေးတွေကို ကျွန်မသုံးဆောင်လိုက်တာပါပဲ။ ဒီဆေးတွေဟာကျွန်မရဲ့ကျောက် ကပ်ကိုထိခိုက်နိုင်တယ်၊ အစာအိမ်ပျက်စီးနိုင်တဲ့အကြောင်းတရားဖြစ်တယ်ဆိုတာ(အဲဒီတုန်းက)မသိခဲ့ပါဘူး။
သည်းမခံနိုင်လောက်အောင်အထိ သိပ်ပြင်းပြင်းထန်ထန် နာကျင်မှုမရှိပဲနဲ့တော့အဲသည်ဆေး(ပြင်း)တွေ မသုံးစွဲဖို့ ကျွန်မခင်ပွန်းက အကြိမ်ကြိမ်ပဲ သတိပေးခဲ့ပါရဲ့ ၊ ဒါပေမဲ့ သူ့စကားကို သိပ်အလေးထားပြီးတော့ မလိုက် နာဖြစ်ခဲ့ပဲ ဆေးတွေပဲ ဆက်လက် သုံးစွဲနေမိခဲ့တာပါ။ ကျွန်မရဲ့ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတွေကို ထိခိုက်စေ မည့် ဆေးတွေဖြစ်တယ်ဆိုရင် ဒေါက်တာတွေက အဲဒီ ဆေးအညွှန်းတွေကို ပေးမှာ မဟုတ်ပါဘူးလေ–လို့ (တဖက်က) ကျွန်မ တွေးမိခဲ့သေးပါတယ်။
အချိန်တွေကုန်လွန်လာခဲ့တာနဲ့အမျှ၊ ကျွန်မမှာ သွေးတိုးက တက်လာခဲ့လေတော့၊ သွေးတိုးကို ထိမ်းဖို့ သွေးတိုးနှုန်းမြင့်မားလို့ဖြစ်တဲ့ အာရုံကြော တင်းကျပ်မှု တိုက်ဖျက်ဆေးလိုမျိုးတွေ သုံးစွဲလာရပြန်ပါတယ်။ သည်လို နဲ့ – ပြီးခဲ့တဲ့ တစ်နှစ်လောက်က တနေ့မှာ ကျွန်မ ခပ်ပြင်းပြင်းလေး ခေါင်းမူးပါတော့တယ်။
ဆေးခန်းသွားပြတော့ ဒေါက်တာက ချက်ခြင်းပဲ သွေးပေါင်ချိန်ပေးပါတယ်။ ပုံမှန်ဆို ၁၂၀ နေရမည့် သွေးပေါင်က အခုတော့ ၁၉၀ တောင် တက်နေတာ တွေ့လိုက်ရပါတော့တယ်။ (အဲဒီမှာတင်) သွေးတိုးနှုန်းမြင့် တိုက်ဖျက်ဆေးတွေပဲ ကျွန်မကိုပေးပါတယ်။ ဒီလိုမျိုး ကုသမှုကြောင့်ပဲ ကျွန်မရဲ့သွေးတိုးက ထိန်းနှိုင်တဲ့အဆင့်ကို မကျတော့ပဲ တခါတခါ ပိုတောင်မြင့်တက်နေခဲ့ပါသေးရဲ့ ။ ဒါနဲ့ – ကျွန်မခင်ပွန်းရဲ့ အကြံပေးချက်နဲ့ ကိုယ်တွင်းဗေဒ ဆေးဖက်သမားတော်ကြီးနဲ့ သွားပြတော့၊ သူက ဆီးဆိပ်တက်တာ သိနိုင်အောင် သွေးစစ်ခိုင်းပါတယ်။ ဆီးဆိပ် အဆင့်က ပုံမှန်ဆိုရင် ၀ ဒသမ ၅၅ ရှိရတာ၊ အခုကျွန်မမှာတော့ ဆီးဆိပ်က ၅၈၀ ကျော်နေတာကို ဆေးစစ်ချက်က ပြနေပါတယ်။ (အမျိုးသမီး)သမားတော်ကြီးက ချက်ခြင်းပဲ အာရှတော်ဝင် ဆေးရုံကြီးက ကျောက်ကပ် အထူးကု သမားတော်ကြီး၊ ဒေါက်တာဦးခင်မောင်ဌေးဆီကို ညွှန်းလိုက်ပါတယ်။ သူ့ကို ကျမ သွားပြတဲ့အခါမှာ ကျမရဲ့ဆေး စစ်ချက်တွေကို စစ်ဆေးကြည့်ရှုပြီးတော့၊ ကလေးက ဘယ်နှစ်ယောက် ရှိတယ်၊ ညီအစ်ကို မောင်နှမက ဘယ်နှစ် ယောက်ရှိတယ် ဆိုတာတွေ မေးပါတယ်။
ဒေါက်တာဟာ ကျောက်ကပ်အစားထိုးဖို့ ပြောတော့မှာကို စဉ်းစားနေပြီဆိုတာ ကျွန်မခင်ပွန်းကချက်ခြင်းပဲ ရိပ်မိသွားပါပြီ။ နိုင်ငံခြားသွားပြီး ကျောက်ကပ်အစားထိုးကုရတာမျိုးဆိုရင်တော့ ငွေကြေးကုန်ကျစရိတ် ပမာဏက သိပ်များတာမို့ ကျမတို့ ဒေါက်တာပြောင်းကုဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီဆေးရုံ(အာရှတော်ဝင်) မှာတင် ကျမတို့တွေ့တဲ့ နောက်ဒေါက်တာ တစ်ဦးကတော့ ဒေါ်မေမြ၀င်းပါပဲ။ ကျမခင်ပွန်းဟာ အစိုးရ ၀န်ထမ်းဟောင်း – ပင်စင်စားတစ်ဦးဖြစ်ပြီးတော့ ကျမတို့တွေဟာ သူ့ပင်စင်လစာလေးနဲ့ ၊ သူ-ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှာလုပ်လို့ရတဲ့ ၀င်ငွေလေးပေါ်မှာပဲ ရှင်သန် ရပ်တည်နေကြရတာဖြစ်တယ်ဆိုတာ ဒေါက်တာကို ကျမ ရှင်းပြပါတယ်။ အဲဒီတော့ – ကျောက်ကပ်အစားထိုးကုသမှုဆိုတဲ့(ကြေးကြီးလှတဲ့)ကိစ္စက ကျမတို့ရဲ့အခြေအနေအရဆိုရင်မေးစရာတောင်မလို တော့တဲ့မေးခွန်းဖြစ်သွားပါပြီ။ ဒါပေမဲ့ ကျောက်ကပ်ဆေးရန် မလုပ်မဖြစ် လိုအပ်လာပါက ကျမတို့စုဆောင်းငွေဖြင့် ပြုလုပ်ရန် စီစဉ်နိုင်ပါသည်။ ဒေါက်တာက ဆီးဆိပ် မထိမ်းနိုင်တဲ့ အဆင့်ထက်ကျော်မလာရအောင် သူမ ကြိုးစားပြီး ဆေးနဲ့ထိမ်းသိမ်းပေးမယ်လို့ ဆိုလာပါတယ်။ ဒီလိုနဲ့ ကျမရဲ့ ပျက်စီးနေတဲ့ ကျောက်ကပ်ကို သူမဆီမှာ ကုသဖို့ ဖြစ်သွားပါတယ်။
ဒါပေမဲ့၊ ဒေါက်တာကုသနေတဲ့ ကြားကပဲ ကျမရဲ့ ဆီးဆိပ်အဆင့်ဟာ ၉၀၀ ရောက်တဲ့အထိ တိုးပဲ တိုးလာ ခဲ့ပါတော့တယ်။ ဒီလိုဖြစ်လာတာကြောင့်မို့လို့၊ ဒေါက်တာဒေါ်မေမြ၀င်းဟာ ကျမရဲ့ကျောက်ကပ်ကို ဆေးနဲ့မကယ် နိုင်တဲ့အခြေနေအထိ မရောက်သွားခင်မှာ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခံယူဖို့ အပြင်းအထန်တိုက်တွန်းလာ ပါတော့တယ်။ ကျောက်ကပ်သန့်စင်တာလောက်နဲ့ ကျောက်ကပ်ပျက်စီးတာကို မကုနိုင်တော့ကြောင်း၊ ကျောက်ကပ်လဲ(အစားထိုး)ကုသခြင်းသည်သာ နောက်ဆုံးဖြေရှင်း(ကုသ)ချက်ဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒါက ကျမရဲ့ကျောက်ကပ်ပျက်စီးတာဟာ နောက်ဆုံးအဆင့် ရောက်နေပြီ၊ သန့်စင်ခြင်း ဒါမှမဟုတ် အစားထိုးလဲလှယ် ခြင်း နှစ်ခုအနက်တခုခုကို ရွေးဖို့ပဲကျန်တော့တယ်၊ တခြားနည်းမရှိတော့ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
ကျောက်ကပ်သန့်စင်တယ်ဆိုတာ ကျောက်ကပ်ကို အစားထိုး မလဲလှည်နိုင်ခင်မှာ ကျောက်ကပ် လုံးဝ ပျက်စီး မသွားရလေအောင် (သစ်မရခင် ၀ါးပေါင်းကွပ်ဆိုသလို) လုပ်ရတဲ့ ကြားကာလ ကုသမှုတစ်ခုပဲဖြစ်တယ်။ ဒါဟာသိပ်စင်းတဲ့ ဗဟုသုတလေးတခုပါပဲ။ ကျောက်ကပ်ပျက်စီးတာ နောက်ဆုံးအဆင့်ရောက်နေတဲ့ လူနာ တစ်ဦး အဖို့ကတော့ တပါတ်ကို နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် ကျောက်ကပ်သန့်စင်တဲ့ အလုပ်ကိုလုပ်ရတာပါပဲ။ ဒါဟာ ကုန်ကျတန်ဖိုးအားဖြင့်တော့ ရေရှည်မှာ ဆေးကြောသန့်စင်စရိတ်နဲ့ အစားထိုးကုသစရိတ်က အတူတူပဲ ဖြစ်ပါ တယ်။ ဒါကြောင့်(ဖြစ်နိုင်တာက အရှေ့အိန္ဒိယဒေသမှာ နာမည်ဂုဏ်သတင်း အကောင်းဆုံးဖြစ်တဲ့ ကာလ ကတ္တား မြို့ ၊ အပိုလိုဆေးရုံကြီးမှာ)၊ကျမရဲ့ ကျောက်ကပ်ကို နိုင်ငံခြားသွားပြီး အစားထိုးကုသမှသင့်တော့မယ်လို့ မိသားစု နောက်ဆုံး သနိဌာန်ချကြပါတယ်။
ဒီနောက်မှာတော့ ကျွန်မတို့ ဒေါ်စန္ဒာနဲ့ အဆက်သွယ်ရသွားကြပါတယ်။ သူကတော့ ကာလကတ္တား အပိုလိုဆေးရုံကြီးမှာ တက်ရောက်ပြီး ကျောက်ကပ်အစားထိုး ကုသခံယူခဲ့ဖူးတဲ့ သူ့ဖခင်ကြီး ဦးလှသိန်းအတွက် သူမရဲ့ကျောက်ကပ်တလုံးကို လှူဒါန်းခဲ့သူဖြစ်ပါတယ်။ ကာလကတ္တား၊ အပိုလိုဆေးရုံကြီးအရောက်သွားပြီး ကျောက်ကပ်အစားထိုးကုသတာကို ဘယ်လိုလုပ် စီစဉ်ခဲ့တယ်ဆိုတာ ကျမတို့ကမေးတော့၊ သူမက အခုလို ရှင်းပြပါတယ်။ ရန်ကုန်မှာရှိတဲ့(မဇ္ဈိမဂုဏ် ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ခရီးသွား ကုမ္ပဏီလည်းဟုတ်တဲ့) သီတာအေးမြ ကုမ္ပဏီလီမိတက်ဟာ ဆရာတော်ဒေါက်တာနန္ဒောဘာသ ဦးဆောင်တဲ့ ဗောဓိသုခပရဟိတ မြန်မာ ကျောင်း ကနေတဆင့် လုပ်ဆောင်ပေးနိုင်တဲ့ ရန်ကုန်ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာ သိလာရပါတယ်။ ဒေါ်စန္ဒာ့အနေဖြင့် အလေးထားပြောပြတာကတော့(ကျောက်ကပ်လဲမယ်ဆိုရင်) ကျောက်ကပ်(ထုတ်)လှူမည့် အလှူရှင်တွေ့ရှိရေး ကတော့ အဓိကပါပဲ။ တကယ်လို့သာ အလှူ့ရှင်မရှိသေးဘူးဆိုရင်တော့ ရှေးကိုဘာမှ ဆက်လုပ်နိုင်သေးမှာ မဟုတ်ဘူးတဲ့။ ကျမအဖို့ကတော့၊ ကံအားလျော်စွာပဲ၊ မန္တလေးက ဗုဒ္ဓ-ရဟန်းတော်၊ အရှင်ဝိစိတ္တဆိုတဲ့ အလှူ့ရှင် ကို ဒေါ်စန္ဒာ့အကူညီနဲ့ပဲ ရရှိလာခဲ့ပါတယ်။
အခုဆိုရင် – ကျမအဖို့ ကျောက်ကပ်အလှူ့ရှင်တစ်ဦးကတော့ ရှိလာပါပြီ၊ ဒါပေမဲ့ – သားရယ်၊ သမီးရယ်၊ အလှူ့ရှင်ရဟန်းတော်ရယ်၊ ပြီးတော့ကျမကိုယ်တိုင်ရယ်နဲ့ဆိုရင် လေးဦးစာ စားသောက်နေထိုင်စရိတ်အပါအ၀င် အပိုလိုဆေးရုံကြီးမှာ ကျောက်ကပ်အစားထိုးကုသဖို့အတွက် ကုန်ကျမည့်ငွေကြေးပမာဏ အမေရိကန် ဒေါ်လာ နှစ်သောင်းခန့်အထိ ဖြစ်နိုင်တယ်လို့ ပြောကြလေတော့၊ သည်လောက်အထိ များပြားတဲ့ ငွေကြေး လိုအပ်ချက် ကြီးကို ဘယ်လိုလုပ်ပြီးတော့ စုဆောင်းရရှိနိုင်မှာပါလိမ့်၊ ဒါက နောက်ထပ်တိုးလာတဲ့ အကြီးမားဆုံး အခက်ခဲပါပဲ။
ဒါ့ကြောင့် ကျမတို့ရဲ့ငါးလွှာက တိုက်ခန်းကို ရနိုင်သလောက်ဈေးဖြင့် ရောင်းချဖို့ ကျမတို့တွေ ဆုံးဖြတ် လိုက်ကြပါတော့တယ်။ နောက်ဆုံးမှာတော့-ကျမတို့ဟာ အဲသည်တိုက်ခန်းကို ရောင်းလို့ရတဲ့ငွေနဲ့ ပြည်တွင်း ပြည်ပက၊ ရင်းနှီးခင်မင်တဲ့ အသိမိတ်ဆွေတွေဆီက ၀ိုင်းဝန်းကူပံ့တဲ့ငွေတွေ အားလုံး ပေါင်းလိုက်တဲ့အခါမှာ ကျောက်ကပ် အစားထိုးကုသဖို့ လုံလောက်နိုင်တဲ့ ငွေပမာဏကို စုဆောင်းမိသွားပါပြီ။
အဲဒီ့နောက်မှာတော့ အလှူရှင်ရဟန်းတော်ကို မန္တလေးကနေ ရန်ကုန်ကို ကြွလာဖို့ တောင်းပန်လျှောက် ထားရပါတယ်။ အလှူ့ရှင်ရဲ့ တစ်သျှူးနဲ့ သူ့ကျောက်ကပ်ဖြင့် အစားထိုးကုသခံယူမည့် ဝေဒနာရှင်ရဲ့ တစ်သျှူး နှစ်ခုတို့ဟာ..(အချင်းချင်း လဲလှယ် အစားထိုးလို့) သဟဇာတဖြစ်နိုင်/ မဖြစ်နိုင်ဘူးဆိုတာ သိရအောင် ဆေးစစ် ခံယူနိုင်ဖို့ အတွက်ပါပဲ။ အလှူ့ရှင် ရန်ကုန်ရောက်ပြီး မကြာခင်မှာပဲ တစ်သျှူး အပြန်အလှန် သဟဇာတ ဖြစ်မဖြစ် ဆေးစစ်မှု လုပ်ပါတယ်။ ကံအားလျှော်စွာ ဆေးစစ်ချက်ခြောက်မျိုးလုံးမှာ အလှူ့ရှင်နဲ့ အလှူခံနှစ်ဦးလုံးတို့ရဲ့ တစ်သျှူးချင်း အပေးအယူတည့်ကြောင်း ခိုင်မာတဲ့ ဆေးစစ်-အဖြေထွက်ပေါ်လာခဲ့ပါတယ်။ ကျမတို့ရဲ့ ၀မ်းသာ ကြည်နူးရမှု ကတော့ အတိုင်းထက် အလွန်ပါပဲ။
ဒီလိုဖြစ်လာလို့၊ ကျမတို့လည်း သီတာ အေးမြ ကုမ္ပဏီ လီမိတက်နဲ့ ဆက်သွယ်ပြီးတော့ အိန္ဒိယ သွားဖို့ ပြင်ဆင်ပါတယ်။ ကျမခင်ပွန်းကတော့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာမို့လို့၊ ကျမနဲ့အတူ အိန္ဒိယ လိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ကျောက်ကပ်အစားထိုးကုသတဲ့ကိစ္စက သုံးလ အနည်းဆုံးအချိန်ကြာနိုင်တယ်လို့ သိရလေ တော့၊ သူ့အလုပ်ကနေ ဒီလောက်အထိ အချိန်အကြာကြီး ခွင့်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါ့ကြောင့် ကျမ ဆေး ကုသခံယူရတဲ့ ကာလတလျှောက်လုံး ကျမကို အနီးကပ် ပြုစုစောင့်ရှောက်ဖို့အတွက် သားနဲ့ သမီးကိုပဲ ကျမနဲ့  အတူ အိန္ဒိယ ခရီးစဉ်သွားဖို့ စီစဉ်ရပါတော့တယ်။
အခုတော့ ဆုံးဖြတ်ချက်ချပြီးဖြစ်၍ အလှူရှင့် ရဟန်းတော်အတွက် ပတ်စ်ပုတ်တခု လုပ်ဖို့ရယ်၊ ကျမနဲ့ သမီးအတွက် ပတ်စ်ပုတ်ကို ထပ်တိုး-အသစ်တင်ဖို့ပဲရယ် ကျန်ပါတော့တယ်။ သက်ဆိုင်တဲ့ အစိုးရဌာနဆိုင်ရာ ရုံးတွေကနေ ခရီးသွားလာရေးဆိုင်ရာ စာရွက်စာတမ်းတွေ အားလုံးပြင်ဆင်ပြီးစီးဖို့ အနည်းဆုံး နှစ်ပါတ် .. ဒါမှမဟုတ် .. သုံးပါတ်အထိ ကြာနိုင်သေးတယ်လို့ သီတာ အေးမြ ကနေ ကျမတို့ကို အသိပေးပါတယ်။ အခက် တကာ့ အခက်ဆုံးကြုံလာရတဲ့ ကိစ္စတခုကတော့ ကျမသားလေး သူ့ သင်္ဘောလိုက်နေရာကနေ မြန်နိုင်သမျှ အမြန် အိမ်ပြန်ရောက်လာနိုင်မည့်အရေးပါပဲ။ သင်္ဘောကုမ္ပဏီရဲ့ အပြောအရဆိုရင်တော့၊ သူ့သင်္ဘောပေါ် လိုက်ရတဲ့ အလှည့်က ကုန်ဆုံးခါနီးနေပြီ၊ ဒါ့ကြောင့်အိမ်ပြန်လှည့်လာဖို့ပါပဲ။ ဒါပေမဲ့သူအလုပ်လုပ်နေတဲ့ သင်္ဘောက အခုအထိ ပါရှန်းပင်လယ်ကွေ့ထဲမှာပဲ ရှိနေဆဲဖြစ်တယ်။ သားဖြစ်သူနှင့် အဆက်အသွယ်မရဘဲ ဘယ်တော့ ကမ်းကပ်မယ်၊ ဘယ်သင်္ဘောဆိပ်ကမ်း ရောက်ပြီး သူသင်္ဘောပေါ်က ဆင်းရမယ့်ရက်ကို ဘာမှမသိရတာက ဂွကျနေပါတယ်။
ဒီတော့-ကျမတို့လည်း(ရန်ကုန်မှာရှိတဲ့) သင်္ဘောကုမ္ပဏီဆီကို အရောက်သွားပြီး၊ အဲဒီက အရာရှိတွေကို ကျမသားလေး အလုပ်လုပ်တဲ့ သင်္ဘောကပ္ပတိန်ဆီကို စာ(အီးမယ်) တစ်စောင်ပို့ ပေးဖို့ အပူကပ်ရပါတော့တယ်။ သားကို သူ့အလုပ်တာဝန်ကနေ နားခွင့်ပေးပြီးတော့၊ အခု -သင်္ဘောကပ်မည့် သင်္ဘောဆိပ်ကနေ မြန်မာနိုင်ငံဆီ လေကြောင်းနဲ့ ပြန်လာခွင့်ပေးဖို့ မေတ္တာရပ်ခံတဲ့စာပေါ့လေ။ (နောက်တော့)ကျမတို့ရဲ့ ကြိုးပမ်းမှုဟာ မျှော်မှန်း တဲ့အတိုင်းပဲ အကောင်းဖြစ်လာပါတယ်။ သားဟာ သူ့အမေကို အိန္ဒိယ အတူလိုက်ပါပေးဖို့ အချိန်မှီပဲ မြန်မာပြည် တော် ပြန် ရောက်လာခဲ့ပါတယ်။
ဒီလိုနဲ့ပဲ – နောက်ဆုံး(၂၀၁၃၊ ဂျူလိုင် -၂၃ ရက်နေ့) မှာတော့ ကာလကတ္တားသွားတဲ့ အိန္ဒိယလေကြောင်း ရဲ့ မွန်းလွဲပိုင်း ခရီးစဉ်လေယဉ်ပေါ်ကို သား၊ သမီး၊ အလှူ့ရှင်ရဟန်းတော်တို့နဲ့ အတူတကွ ကျမတို့ စီးနင်း လိုက်ပါလာနိုင်ခဲ့ပါတော့တယ်။ ကျမခင်ပွန်းနဲ့ သူ့သူငယ်ချင်း ဦးကံသိန်းတို့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်ဆီ ကျမ တို့ကို လိုက်ပါပို့ဆောင်ပေးကြပါတယ်။ ကာလကတ္တားကတော့ ရန်ကုန်ကနေ လေယာဉ်နဲ့ တစ်နာရီသာသာခရီး ပါပဲ (သိပ်မဝေးပါဘူး)။ ညနေ လေးနာရီလောက်မှာပဲ ကျမတို့ ကာလကတ္တား ရောက်ပါတယ်။ ကာလကတ္တား ရောက်တယ်ဆိုရင်ပဲ ဗောဓိသုခပရဟိတ မြန်မာကျောင်းက ရဟန်းတော် ဦးဥတ္တရက ကျမတို့ကို လာကြိုပြီးတော့၊ လေအေးစက်တပ် SUV 500 ကားနဲ့ ကျောင်းဆီ သယ်ဆောင်လာခဲ့ပါတယ်။ အဲသည်မှာတော့ ဆေးကုသခံယူစဉ် တချိန်လုံးနေထိုင်ရမည့် အခန်းတခန်းမှာ ကျမတို့ကို နေရာချထားပေးပါတယ်။ ကျမတို့အဲဒီမှာ နေရာယူ နေထိုင်ခ အဖြစ်တစ်နေ့ကို အိန္ဒိယငွေ ရူပီး တစ်ရာစီ ကျောင်းတိုက် ထိမ်းသိမ်း စောင့်ရှောက်ရေး ရံပုံငွေအဖြစ် လှူရပါတယ်။ နောက်တစ်နေ့မှာတော့ ကျောင်းကနေ(၂၀) ကီလိုမီတာခန့်ဝေးတဲ့ အပိုလိုဆေးရုံကြီးဆီကိုကျမကို ခေါ်သွားကြပါ တယ်။ အဲဒီမှာ ကျမဆေးရုံတက်ရပြီး၊ ကျောက်ကပ်အစားထိုးကုသခံယူ လို့ ဖြစ်နိုင်တဲ့အဆင့်ရောက်တဲ့အထိ ကျမ ရဲ့ ဆီးအဆိပ်ကို လျှော့ချနိုင်အောင် တပါတ်ကို သုံးကြိမ်ခန့် ကျောက် ကပ်ကို သန့်စင်ရပါတယ်။
ဒီအတောအတွင်းမှာတော့ – ကျမတို့ (မိသားစု) လေးဦးကို ဆေးကောင်စီက တွေ့ဆုံမေးမြန်ခဲ့ပါတယ်။ အလှူ့ရှင်နဲ့ သူရဲ့အကူအဖြစ် ကျမသားလေးတို့ကို အစားထိုးလဲလှယ်ခွင့်ပါမစ်ကို အာမခံရဖို့အတွက် တရားသူကြီး အဖွဲ့က တွေ့ဆုံပြီးမှ ကျောက်ကပ်အစားထိုးလဲလှယ်ရန် ခွင့်ပြုချက်ကို အနောက်ဘင်္ဂလားပြည်နယ် အစိုးရဆေး ဖက် ရေးရာဌာနက ထုတ်ပေးတာဖြစ်ပါတယ်။
ဗောဓိသုခပရဟိတကျောင်းက ရဟန်းသံဃာတော်တွေဟာ ကျမတို့ကို လိုအပ်သမျှကူပံ့ပေးခဲ့ကြပါတယ်။ သူတို့တွေဟာအင်္ဂလိပ်ဘာသာနဲ့ အိန္ဒိယဘာသာစကားတွေကို ပိုင်နိုင်စွာပြောတတ်ကြပြီးတော့၊ အပိုလိုဆေးရုံကြီး က ဒေါက်တာတွေ၊ သူနာပြုတွေနဲ့လည်း အကျွမ်းတ၀င် ဆက်ဆံမှုများ ရှိကြပါတယ်။ ဆေးရုံပေါ်မှာရော၊ ကျောင်း မှာ နေထိုင်ခဲ့ရတဲ့ကာလတလျှောက်လုံးမှာပါ အဆင်ပြေချောမွေ့စေရန် လိုအပ်တာအားလုံးကို ပြုလုပ်ပေးကြပါ တယ်။ စေတနာထက်သန်(မှန်ကန်)တဲ့ ဒီသံဃာတော်တွေရဲ့ အကူညီသာ မပါပဲနဲ့ ၊ ကျမတို့ ကိုယ့်ဟာကိုယ်သာ ရုန်းရရင်တော့ ဘယ်လိုလုပ်ရမှန်းမသိဘဲ ကသီလင်တနိုင်မှာ အသေချာပါပဲ။ သူတို့ကူညီခဲ့တာ ကျမတင် မဟုတ်ပါဘူး၊ ကျောက်ကပ်အစားထိုး လဲလှယ်ရမည့်ရက်ကို စောင့်စားနေရတဲ့ နောက်ဆုံးအဆင့် ကျောက်ကပ် ပျက်စီးနေတဲ့ တခြားလူနာပေါင်းများစွာပေါ်မှာလည်း အလားတူပဲဖြစ်ပါတယ်။ ကျောင်းတွင် ဆေးကုသနေသည့် လူနာ(၁၀)ဦးခန့် နှင့် ၄င်းတို့ကို စောင့်ရှောက်ဖို့ပါလာတဲ့သူက (၃၀) ဦးခန့် ရှိကြပါတယ်။
အကြိမ်(၂၀)ခန့် ကျောက်ကပ်ဆေးပြီးတဲ့အခါမှာတော့၊အလှူ့ရှင်ရဲ့ကျောက်ကပ်ကို ထုတ်ယူပြီးအစားထိုး ရမည့် အစားထိုးကုသမှုလုပ်ဆောင်ဖို့ ခွင့်ပြုချက်ရပါတော့တယ်။ အဲဒီကျောက်ကပ်ဟာ ကျမရဲ့ (မူလ ပျက်စီးပြီး ဖြစ်သောကျောက်ကပ်) နှစ်လုံး၏ (အကောင်းဆုံးဟု ဒေါက်တာ ယူဆဆုံးဖြတ်သော) ကျောက်ကပ်သွေးကြောမှာ ဆက်ရမှာ ဖြစ်ပါတယ်။ ခွဲစိတ်တာက သုံးနာရီခန့်ကြာခဲ့ပါတယ်။ ကျမဟာ ခွဲစိတ်ပြီးနောက် ဆေးကုသ စောင့် ရှောက်မှုကို ခံယူဖို့ နောက်ထပ် ၁၄ – ရက်ကြာ ဆေးရုံပေါ်မှာပဲ နေခဲ့ရပါတယ်။ အလှူ့ရှင် (ရဟန်းတော်) ကတော့ နောက်ထပ် (၁၅)ရက်မှာ လေကြောင်းနဲ့ ပြည်တော်ပြန်ကြွသွားခဲ့ပါတယ်။
ကျမအဖို့ကတော့၊ ဒေါက်တာတွေကကျမရဲ့ အစားထိုးကုသမှုဟာ လုံးဝဥဿုံ အောင်မြင်တယ်လို့ အာမခံ ထွက်ဆိုတဲ့အခါမှသာ ကျမကိုဆေးရုံကနေ ဆင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အဲသည်လို ခွဲစိတ်ကုသမှု မခံယူမီ အချိန်ပိုင်းလေးကပဲ ကျမတို့ဟာ ဗုဒ္ဓဂယာသွားဖူးခဲ့ကြပြီးဖြစ်ပါတယ်။ ဗုဒ္ဓဂယာက မဟာ ဗောဓိပင်အောက်မှာပဲ ကျမတို့ ဘုရားရှင်ဟာ ဘယ်သူ့အကူအပံ့မှမပါပဲ ကိုယ်တော်တိုင် ထိုးထွင်းလို့ သိမြင်တဲ့ သဗ္ဗညုတ ရွှေဥာဏ်တော် ကို ရတော်မူခဲ့တာဖြစ်ပါတယ်။ မဟာဗောဓိပင်အောက်မှာ ကိန်းဝပ်စံပါယ်တော်မူတဲ့ ဗုဒ္ဓဆင်းတုတော်ကို ပျပ်ဝပ် ရိုကျိုး ရှိခိုးပူဇော်ခွင့်ရခဲ့တဲ့အဖြစ်ကတော့ ကျမရင်မှာ ပီတိသောမနဿတွေ ဖြာခဲ့ရတာပါပဲ။ ဘုရားရှင့်ကို ပူဇော်ပြီး ဆုတောင်းတဲ့အခါ – ကျမရဲ့ ကျောက်ကပ်အစားထိုးကုသမှုဟာ ဘယ်အနှောင့်ယှက်တစုံတရာ မရှိရပဲ.. အပြီးတိုင် အောင်မြင်ပါစေသားရယ်လို့ပဲဆုပန်ဖြစ်ခဲ့ပါတယ်။ ကျမရဲ့ကြည်ညိုကြည်နူးပီတိဝေတဲ့ဆုတောင်းဟာ အတော်လေး ကြာပြီးတဲ့နောက်မှာ အမှန်တကယ် ပြည့်ဝခဲ့တာပဲဖြစ်ပါတယ်။ ကာလကတ္တားမှာ (၂) လနဲ့ အခွဲခန့် နေထိုင်ခဲ့ရပြီး တဲ့နောက်၊ ၂၀၁၃၊ စက်တင်ဘာလ (၉) ရက်နေ့မှာ သားသမီးတွေနဲ့ အတူ..ကျမရဲ့ ခန္ဓာအိမ်ထဲမှာ အသစ်စက်စက် အစားထိုးလဲလှယ် ထည့်သွင်းထားတဲ့ ကျောက်ကပ်နဲ့အတူပဲ၊ ကျန်းမာပျော်ရွှင်စွာနဲ့ ကျမတို့ ပြည်တော်ပြန် ခဲ့ ကြ ပါပြီ။ မင်္ဂလာဒုံလေဆိပ်မှာတော့ ကျမတို့ကို စောင့်ကြိုနေတဲ့ ကျမခင်ပွန်းကို တွေ့ရပါတယ်။ ဒါဟာ ပျက်စီးနေတဲ့ ကျောက်ကပ်ကို နိုင်ငံခြားသွားပြီး ကုသခံယူဖို့ ကျမတို့ကြိုးစားခဲ့လို့ အောင်မြင်ပျော်ရွှင်စွာပဲ အပြီးသတ် ကုသနိုင်ခဲ့တာ ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်လျှက်-
ဒေါ်မေစီ
How I got my kidney transplanted at Apollo Gleneagles Hospital ကို အသျှင်အရိယ၀ံသ (နာလန္ဒာ) မှ မြန်မာမှု ပြုပါသည်။