မဟာဗောဓိပရဟိတကျောင်း (ဗုဒ္ဓဂယာ)

Mahabodhiဗဟုဇန ဟိတာယ၊ သုခါယ၊ လောကာနုကမ္ပါယ ဗုဒ္ဓေါလောကေ သမုပ္ပန္နော ဟောတိ (= လူ၊ သတ္တ၀ါအများ၊ အကျိုးစီးပွါးဖြစ်စေရန်၊ ဒုက္ခကင်းပျောက် ချမ်းသာရောက်၍၊ လောကကိုစောင့်ထိမ်း၊ ရန်ငြိမ်းအေးချမ်းစေရန် ဤလောကတွင် ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်တော်မူလာခဲ့ခြင်းဖြစ်သည်)။ ထို့ထက်ဆိုရပါမူ – ဗုဒ္ဓ၀ါဒအမြင်ဖြင့် ကမ္ဘာကြီးအား ဒုက္ခသုက္ခအထွေထွေတို့ဖြင့် လုံးချာလည်နေသည်ဟု သုံးသပ်သည်။ အရာရာတိုင်း၌ ပကတိဖြစ်ပျက်နေသည့်အတိုင်း ရှုဆင်ခြင်၍ အမှန်တရားကို ရှာဖွေသည်။ လူသားအား ဒုက္ခကန္တာရမှ သူ့နည်းသူ့စွမ်းအားဖြင့် လွတ်လမ်း (မဂ္ဂသစ္စာ) ကို ညွှန်းပြသည်။ နိဗ္ဗာန (=နောက်ဆုံး၊ အမြင့်ဆုံး အငြိမ်းဓါတ်)သည် လူသားတို့ ရယူအပ်သော အထွဋ်မြတ်ဆုံး ဆုလာဘ်အဖြစ် ချပြတော်မူသည်။ သို့ ရာတွင် ဗုဒ္ဓ၀ါဒသည် ရုပ်ပိုင်း (၀ါ – လောကီတိုးတက်ကြီးပွါးရေး) ကို လုံးဝ ပစ်ပယ်သည် မဟုတ်ချေ။ ဝေဠုဒွါရသုတ်သည် ထို့ အတွက် နမူနာကောင်းတခုပင်ဖြစ်ပြီး၊ ဤဘ၀တွင်ရော၊ တမလွန်ဘ၀အတွက်ပါ အကျိုးဖြစ်မည့်အချက်များကို ထည့်သွင်းရှင်းလင်းပြတော်မူသည်။ တခြားအလားတူသုတ္တန်များဖြစ်ကြသည့် ဓမ္မိကသုတ်၊ သိင်္ဂါလောဝါဒသုတ်၊ မင်္ဂလသုတ်၊ ပရာဘ၀သုတ်၊ ၀သလသုတ်နှင့် ဗျဂ္ဃပဇ္ဖသုတ်များ၌လည်း ကြီးပွါးချမ်းသာရေး၊ အကျိုးစီးပွါးခံစားရခြင်းဖြင့် ယ္ခုမျက်မှောက်ဘ၀ ကြည်နူးချမ်းမြေ့ရခြင်း (ဒိဌဓမ္မိက သုခ)အတွက် လုံလောက်သော အကြောင်းအချက်များကို ဟောမြွက်တော်မူပါသည်။ တချိန်တည်းတွင် ထိုလောကီရိပ်ငြိမ် စည်းစိမ်ဥစ္စာတို့ ပိုင်ဆိုင်ရရှိမှုဖြင့် အဓိကထား ဦးတည့်ရမည့် တမလွန်ဘ၀အဆက်ဆက်၌လည်း ကြည်နူးချမ်းမြေ့၍ အကျိုးဖြစ်ထွန်းရေး (သမ္ပရာယိက သုခ) ကိုလည်း ညွှန်းပြတော်မူသည်။ တချို့ ထင်မြင်ပြောဆိုနေကြသကဲ့သို့ တမလွန်ကောင်းစားရေးအတွက် ယခုဘ၀ကောင်းစားရေးကို စွန့် လွှတ်ရမည်ဟု ဘယ်တော့မှ ဗုဒ္ဓဟောတော်မမူခဲ့ပေ။