နှစ်သစ်ကို လူသစ်က စိတ်သစ်ဖြင့်သာ ကြိုနိုင်

နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ တက်လှမ်း ပြောင်းလဲခြင်းကိုပင် သင်္ကြန္တ၊ (=သင်္ကြန်)ဟု ခေါ်ကြခြင်းဖြစ်သည်။သူရိယသိဒ္ဓန္တခေါ် ပက္ခဒိန်စံနစ်အရ -Solar year ဟုခေါ်ရမည့် တနှစ်စီတွင် ကမ္ဘာက နေကို ပတ်လှည့်ရာတွင် – တပတ်စေ့မြောက်၍၊ နောက်တကြိမ် အပတ်သစ်စတင်လိုက်ချိန်သည် စင်စစ် မျက်စိတမှိတ် လျှပ်တပြက်၏ အပုံတထောင်ပုံ တပုံအတွင်းခန့်သာ ကြာမြင့်သည်။ ထိုခဏငယ်ကိုပင် သင်င်္ကြန်မင်းအနေဖြင့်လည်းကောင်း၊ တနင်္ဂနွေဂြိုဟ်မင်းအဖြစ်လည်းကောင်း တင်စားခေါ်ဝေါ်ပြီး-သင်္ကြန်ယဉ်ကျေးမှုကို  လူမျိုးတိုင်း၊ တိုင်းပြည်တိုင်းတွင် တနည်းမဟုတ် တနည်း၊ သူ့ပက္ခဒိန်နှင့် သူကျင်းပကြသည်။ မြန်မာ၊ ရခိုင်တို့၏ အတာရိုးရာ ရေသဘင် သင်္ကြန်ပွဲတော်သည်ပင် သူတို့တွေ အလုပ်-သွားလုပ်သည့် ကမ္ဘာ့ထောင့်အသီးသီးသို့ (ယောင်နောက် ဆံထုံးပါဆိုသလို) ခြေဆန့်ခဲသည်မှာ ဆယ်စုနှစ်တွေနှင့်ပင် ချီခဲ့ပါပြီ။ ပြည်တွင်းမှာ စည်လိုက်သည့်ဖြစ်ခြင်းဟု သတင်းတွေအရ သိရသည့် တချိန်တည်းတွင် ပြည်ပ-ကမ္ဘာ့ရွာကြီး၏ ရပ်ကွက်အသီးသီး၊ အိမ်ဝိုင်း မြက်ခင်းပြင် အလျှိုလျှိုတွေပေါ်တွင်လည်း သင်္ကြန်မင်းကို ဖြန့်ခင်းမှု-ပုံစံမျိုးစုံတို့ဖြင့် အဟုတ်ကြိုနေကြပါပြီ။ နံ့သာသွေးသံ တရှဲရှဲ၊ ကရာအိုကေသံစဉ် စူးရဲရဲဖြင့်တမျိုး၊ မုံ့လုံးရေပေါ်မှအစ အကျွေးအမွေးမျိုးစုံ၊ ယိမ်းအက၊ ရိုးရာသံစဉ်၊ သံချပ်မျိုးစုံမှသည် … ဂလိုဘယ်လစ် ပေါ့ပ်၊ ရော့ခ် ဟစ်-ဟော့ပ်၊ ပေါက်ကွဲသံစဉ်မျိုးစုံတို့ဖြင့် ယခုရက်ပိုင်းတချိန်လုံးသည် ဘ၀က်အထိ ညံစီခဲ့ပါပြီ။ အားလုံးကောင်းပါသည်။ အထူးသဖြင့် အပြောင်းအလဲတရပ်ကို မရှိမဖြစ်ဆိုသလို အားဂျန့်ဖြစ်လာနေသော မြန်မာနိုင်ငံကြီးအတွက် ကောင်းသောပြောင်းလဲခြင်း မင်္ဂလာနှစ်သစ်ကြီးဖြစ်ဖို့ လိုအပ်သည်မှာ သေချာပါသည်။ ထိုသို့ဖြစ်ဖို့ ဆုလည်းတောင်းပါ၏၊ သို့ရာတွင် ဆုတောင်းတိုင်းပြည့်ဖို့အရေးမှာတော့ ကာယကံ့ရှင် သင်္ကြန်မင်းကြီးရဲ့ အားလုံးသော မန်ဒပ်တွေထဲက သားတော်၊ သမီးတော်အပေါင်းနဲ့သာ အများကြီးဆိုင်ပါကြောင်း…

-သင့်စိတ်ကို သင်သာ အသိဆုံးဖြစ်၍ -ပြောင်းလဲတန်က ပြောင်း၊ လိုအပ်က နောင်းအောင် ခိုင်အောင် – ပိုတည်ဆောက်။

သင့်လုပ်ငန်းခွင်အကြောင်း သင်သာ အပိုင်ဆိုင်ဆုံးဖြစ်၍ – မူပြောင်းတန်က ပြောင်း၊ အလုပ်ပြောင်းတန်က ပြောင်း၊ ဥာဏ်၊ ၀ီရိယ စိုက်ထုတ်တန်သေးက ထုတ် –

ဤနှစ်ချက် သင့်ဖက်မှ ဖြည့်စွမ်းနိုင်က မုချ သစ်လွင်တောက်ပ လှပသည့် သင့်ဘ၀ ယခုနှစ်သစ်ကစ၍ ပြောင်းပြီသာ မှတ်ပါတော့။ ထို့ထက်လည်း သင်ပြောင်းလိုက်သည့်အတွက် အာဏာရှင်စံနစ်အောက် ငြိမ်ပိဝပ်ပြား လျားလျားမှောက်လာခဲ့သည့် ရာစုထက်ဝက်ကျော် သင့်နိုင်ငံတော်ကြီးသည်လည်း ယင်း၏ အမွတ်သိပ်ဆုံး ချင်ခြင်တပ်နေသည့် မဟာအပြောင်းအလဲကြီးနှင့် မြေကြီးလက်ခတ်မလွဲ တိုးတော့အံ၊ သင်တို့တထွေ လာမည့်လာမည့် သင်္ကြန်တွေမှာ ကျု့ပ်တို့အနေ ဆုမချွေလည်း – အခုနှစ်ထက်စည်၍…  ကပေတော့.. ၊ ခုန်ပေတော့ … … ဒေါင်းအိုတဝေေ၀နဲ့ …. ချွန်လေလေ … မြ ။    ။

မေတ္တာဖြင့်-
ဗောဓိသုခပရဟိတနှင့် မဟာဗောဓိပရဟိတ မြန်မာကျောင်း၊ အိန္ဒိယနိုင်ငံ။