ဘုရားဖူးယင်း တရားလည်း အားထုတ်ကြရအောင်

ယဉ်ကျေးမှုမြင့်သော လူ့အဖွဲ့စည်းအားလုံးတွင် မိမိတို့၏ သက်ဝင်ယုံကြည်ရာ ဘာသာတရား ပေါ်ထွန်းရာ နေရာဌာနများကို အထူးအထွဋ်အမြတ်ထား၍ ဘုရားဖူးထွက်သည့် ဓလေ့ရှိကြ၏။ ဗုဒ္ဓဘာသာတွင် အထွဋ်အမြတ်ထား ဖူးမျော်ထိုက်သည့် နေရာတော်များအဖြစ် သံဝေဇနိယလေးဌာန၊ (ဘုရားရှင်တိုင်းမစွန့်သော) အ၀ိဇဟိတ လေးဋ္ဌာနတို့ကို ဘုရားရှင်ကိုယ်တော်တိုင် သတ်မှတ် ဟောကြားတော် မူခဲ့သည်။ ဘုရားရှင်နှုတ်ခပါတ်တော်မှ ဗျာဒိတ်တော်မိန့်မှာချက်နှင့်အညီ အထူးအထွဋ်အမြတ်ထား၍ ဂရုဂါရ၀ပြုကြကုန်သော မိမိတို့ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် အဆိုပါနေရာဌာနများသို့ အနည်းဆုံး တသက်တစ်ခါဆိုသလို ဘုရားဖူးရောက်လိုသည့် သမ္မာဆန္ဒရှိကြသည်ချည်းဖြစ်သည်။ ထိုကြောင့် ဟိုရှေးဦးခေတ်မှသည် ယနေ့တိုင် မြန်မာနိုင်ငံ အပါအ၀င် ဗုဒ္ဓဘာသာနိုင်ငံတိုင်းက အိန္ဒိယနိုင်ငံသို့ ဘုရားဖူးများ အလျဉ်မပြတ် လာရောက်နေကြခြင်းဖြစ်၏။

ဤမျှထူးခြား၊ ထွဋ်မြတ်သော ဘုရားဖူးခရီးသွားသည် သာမန် (International Tourist) တစ်ဦးထက်တော့ အဖြစ်ထူး၊ အရထူးသင့်မည်ဟု ထင်ပါသည်။ ခရီးစဉ်ကို ပြန်အမှတ်ရ စားမြုံပြန်မိတိုင်း ကြည်နူးရသော၊ သံသရာတလျှောက်လုံးအတွက် ထွက်ဖြစ်သော ခရီးစဉ်မျိုးဖြစ်က ပိုကောင်းကြမှာပဲဟု မကြာခဏတွေးကြည့်ဖြစ်ပါသည်။ ထိုသို့လျှင် စံတင်ရမည့် ခရီးသည်တစ်ဦးအဖို့တော့ –

  • သာသနာရေး အစဉ်တွေးမြင် ဥာဏ်နှင့်ယှဉ်၍ လှူ ဖြစ်စေရမည်၊
  • သံသရာရေး အစဉ်တွေးမြင် ဥာဏ်နှင့်ယှဉ်၍ ထိုင်ဖြစ်စေရမည် ။

သတိလေး တစ်ချက်လွတ်လျှင် ဘုရားဖူးရဲ့အဖြစ်မှာ ဟဲလား ဝေါလား ဘုရားဖူးမျိုး ဖြစ်သွားနိုင်သလို၊ သတိလေးတစ်ချက်ကပ်မိလျှင် စံပြ ဘုရားဖူး၊ သာသနာပြု ဘုရားဖူး ဖြစ်လို့ရပါပြီ၊ ခန္ဓာညာဏ်ရောက်၊ သစ္စာပေါက်သော ဘုရားဖူးမျိုး ဖြစ်ခွင့်သာနိုင်ပြီဟု အသိပေးလိုပါသည်။

ဘုရားဖူး သူတော်စင်များ အကျိုးထူးရေး အစဉ်တွေးမိကြသည့် မဟာဗောဓိပရဟိတ မြန်မာကျောင်း (ဗုဒ္ဓဂယာ)၊ မဇ္ဈိမတံခွန်ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့နှင့် သစ္စာဒီပ ၀ိပဿနာ အဖွဲ့ချုပ်မှ ဆရာတော်ဦးဇောတိက မထေရ်မြတ်တို့ ပူးတွဲအစီစဉ်အဖြစ် ၁၆-၃-၂၀၁၆ နေ့မှ ၂၁-၃-၂၀၁၆ နေ့ထိ ငါးရက်တိုင်တိုင် ဗုဒ္ဓဂယာမြေမြတ်မဟာ၌ တရားစခန်း ဖွင့်လှစ်မည်ဖြစ်ပါသည်။

အလားတူ ခင်နန္ဒာ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့၊ မဟာဗောဓိပရဟိတမြန်မာကျောင်း (ဗုဒ္ဓဂယာ) နှင့် မိုးကုတ် ၀ိပဿနာ အဖွဲ့ချုပ်ကြီး၏ ကမ္မဌာနာစရိယ၊ အရှင်တေဇောဘာသ (ဆင်ပေါင်ဝဲ) မထေရ်မြတ်တို့ ပူးပေါင်းကာ ၂၂-၃-၂၀၁၆ နေ့မှ ၂၆-၃-၂၀၁၆ နေ့ထိ ဗုဒ္ဓဂယာ မဟာမြေမြတ်မှာ တရားစခန်းများ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ဘုရားဖူး သူတော်စင်များ အနေဖြင့် မိမိတို့အဆင်ပြေမည့် အစီစဉ်အတွက် သက်ဆိုင်ရာဘုရားဖူး အဖွဲများသို့ အောက်ပါ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

 

ခင်နန္ဒာ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့၊ ရန်ကုန်ရုံးချုပ်- ၀၁=၆၅၅၅၂၀၊ ၀၉-၅၆၀၀၄၄၄

 

မဇ္ဈိမတံခွန် ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့၊ ရန်ကုန်ရုံးချုပ်- ၀၉၂၁၅၀၉၉၂၊ ၀၉၇၈၂၂၈၂၃၀၀၊