ကင်ဆာရောဂါ ကုသရာမှာ စိတ်ခွန်အားက အဓိက လိုအပ်

ကျွန်တော် အဆုတ်ကင်ဆာရောဂါ ခံစားလာရသည်မှာ ၁ နှစ်ခန့်ရှိပါပြီ။ ဘုံဘေမြို့ ကင်ဆာအထူးကု ဆေးရုံမှာ သွားရောက်ပြသဖူးပါသည်။ သို့သော် အခြေအနေက ပိုဆိုးလာသည်။ ကျနော်၏ ကင်ဆာ အဆင့်က နောက်ဆုံးအဆင့် နံပါတ် – ၄ ဖြစ်သည်။ ဒါကြောင်း အိန္ဒိယသို့ မဇ္ဈိမဂုဏ် ဘုရားဖူးအဖွဲ့မှတဆင့် ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားဆရာတော်ကြီးအား ဆက်သွယ်လျှောက်ထားပြီး၊ ဒုတိတစ်ကြိမ် ရောက်ရှိလာခဲ့သည်။ သည်တစ်ကြိမ်မှာတော့ ကိုးလ်ကတ္တားမြို့၊ အပိုလို ကင်ဆာ ဆေးရုံမှာ ပြသသည်။ အပိုလို ကင်ဆာဆေးရုံမှ ဆရာဝန်ကြီးက ၈ ကြိမ်တိုင်တိုင် Chemo သွင်း၍ ကုသပေးပါသည်။

ဆေးတစ်ကြိမ် တစ်ကြိမ်သွင်းတိုင်း ပြောမပြနိုင်လာက်အောင်ကို ခံစားရသည်။ ဆေးပါတ်စေ့အောင်တောင် ကျွန်နော်ခံနိုင်ပါ့မလား ဟု ကိုယ့်ဟာကိုယ် အထင်ရောက်ခဲ့သည့်အထိပင်။ ဒီကြားထဲ ဗောဓိသုခ ပရဟိတဆရာတော်ကြီး ဒေါက်တာ နန္ဒောဘာသမှ လူနာများကို သြ၀ါဒ ပေးခဲ့သည်။ ၄င်း သြ၀ါဒမှာ လူနာများအတွက် အလွန် တန်ဖိုးရှိလှသော သြ၀ါဒဖြစ်သည်ဟု ကျနော် ခံယူပါသည်။

ဆရာတော်ကြီး၏ သြ၀ါဒမှာ –

ဘယ်ရောဂါမဆို ကုသမှု ခံယူတဲ့အခါ မိမိစိတ်မှာ Possitive attitude (အပြုသဘောဆောင် စိတ်ဓါတ်) ရှိဖို့လိုသည်။ အပြုသဘောဆောင် စိတ်ဓါတ်ဆိုသည်မှာ ”ငါ ကောင်းတော့မည်၊ ငါ ဆရာဝန်ကြီးများထံမှာ ကုသမှု ခံယူနေပြီ စသည်ဖြင့် ကောင်းမည့် စိတ်အစဉ်ကို အမြဲ နှလုံးသွင်းခြင်းဖြစ်သည်။ Negative Attitude (အပြုသဘောမဆောင် စိတ်ဓါတ်) ဆိုသည်မှာ ငါ ကောင်းမှ ကောင်းပါ့မလား၊ ဆေးရုံကလည်း သိပ် မခန်းနားဘူး၊ အနံ့တွေလည်း ထွက်နေတယ်၊ ဆရာဝန်နှင့် သူနာပြုများကလည်း ဆက်ဆံရေးမကောင်းဘူး စသည်ဖြင့် ယုံကြည်မှု အားနည်းတဲ့ စိတ်ဓါတ်မျိုးဖြစ်သည်။ အိန္ဒိယ ကိုးလ်ကတ္တားမြို့၊ အပိုလို ဆေးရုံကြီးတွင် ကျောက်ကပ်လာလဲသည့် ပုဂ္ဂိုလ်များ အထဲတွင် ပိုက်ဆံပိုကုန်ပြီး ရက်ကြာရှည် ဆေးဝါးကုသမှု ခံယူရသူအများစုမှာ Negativ Attitude ရှိသူများ ပိုများကြောင်း ဆရာတော်ကြီးမှ မိန့်ကြားသည်။

ကင်ဆရာရောဂါသည် ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ရောဂါဖြစ်သည်ဟု လူတိုင်း စိတ်ထဲမှာ စွဲမြဲနေကြသည်။ အင်္ဂလိပ်လို Cancer no answer ဟူ၍ပင် ဆိုကြသည်။ ကင်ဆာရောဂါသည် ကိုယ်ခံအားမှာ (Immune Base) အခြေခံတာကြောင်း ဆေးဖြင့် တိုက်ဖျက်ရန် အလွန်ခက်ခဲ့သည်။ သို့သော် ဆရာတော်ကြီး၏ တန်ဖိုးမဖြတ်နိုင်သော သြ၀ါဒကြောင့်ပင် ကျနော့စိတ်ကို အပြောင်းအလဲလုပ်လိုက်နိုင်သည်။ စိတ်ကို အပြောင်းအလွဲ လုပ်ဖြစ်သည့်နေ့ကစ၍ ကျနော်ပိုမို လန်းဆန်းလာသလို ခံစားရပြီး၊ ဆရာတော်ကြီး၏ သြ၀ါဒအတိုင်း ဆက်လက်တရားထိုင်သည်၊ စိတ်ကို တည်ငြိမ်အောင် ထိန်းကျောင်းသည်။ Chemo သွင်းတိုင်း အယင်ကလို ဆိုးဆိုးဝါးဝါး မခံစားရတော့ပေ။ တစတစ ပိုမိုလန်းဆန်းလာတာ မြင်ရပြီဟု ကျနော့ မိန်းမ မဒေ၀ီက ပြောလှာပါသည်။ ကျနော့ ကင်ဆာ ဆရာဝန်နှင့် တိုင်ပင်သည့်အခါလည်း သည်အကြောင်းတွေကို ထည့်ပြောတဲ့အခါကျတော့ ဆရာဝန်းကြီးက ကင်ဆာရောဂါ ကုသရာမှာ စိတ်ဓါတ်ခွန်အားရှိဖို့ သိပ်အရေးကြီးပုံ၊ အပြုသဘောဆောင်တဲ့စိတ်ထားဟာ ဆေးကုဖြစ်စဉ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်တဲ့၊ မရှိမဖြစ်လိုအပ်ချက်ဖြစ်ပုံတွေကို ရှင်းလင်းပြောပြပါတယ်။ အခု (၄-၃-၂၀၁၆) နေ့ မနက်လေယာဉ်နှင့်ပဲ ကျွန်တော်တို့ မောင်နှံ အောင်မြင်ရွှင်လန်းစွာ ပြည်တော်ပြန်နိုင်ခဲ့ပါပြီ။ ကာလကတ္တားမှာ နေထိုင်ခဲ့ရတဲ့ တစ်လျှောက်လုံး ဆေးရုံနဲ့ ကျောင်း၊ ကျောင်းနဲ့ ဆေးရုံ ချောင်းပေါက်အောင် သွားလိုက်ပြန်လိုက် နေခဲ့ရပေမဲ့လည်း ကျောင်းမှာရော၊ ဆေးရုံမှာပါ နေထိုင် လှုပ်ရှားရတာ အဆင်ပြေခဲ့ပါတယ်။ အဆင်ပြေအောင် တာဝန်ကျေကြတဲ့၊ စေတနာကောင်းကြတဲ့ ဆရာတော်ကြီးအပါအ၀င် သက်ဆိုင်သူတွေအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင် အမှတ်ရနေဆဲပါ။

 

ဦးမောင်မောင်