အသည်းရောင်ရောဂါ (ဘီပိုး)၊ (သို့မဟုတ်) စက်ပုန်းခုတ်နေသောကပ်ရောဂါဆိုး

ဘီပိုးအသည်းရောဂါသည် ကာကွယ်တားဆီးနိုင်သော ရောဂါအမျိုးစားဖြစ် သည်။ သို့ရာတွင်ကျန်းမာရေးဗဟုသုတအသိ-သတိမရှိပါက အေအိုင်ဒီအက်စ် (AIDS) ရောဂါထက် အသေအပျောက် များနိုင်သည်။ အိန္ဒိယနိုင်ငံတွင် ဘီပိုးရောဂါဖြင့် နှစ်စဉ်သေဆုံးသူက အေအိုင်ဒီအက်စ်ရောဂါဖြင့် သေဆုံးသူ ဦးရေထက်ပိုမိုများပြားပြီး၊ အေအိုင်ဒီအက်စ်ရောဂါထက် ကူးစက်လွယ်ကူနှုန်းအဆ (၁၀၀) ပိုများသည်။ ဤရောဂါမပြန့်ပွါးရေးအတွက်အများကြီးလုပ်ဆောင်ရပါလိမ့်ဦးမည်။

မုံဘိုင်းမြို့မှ သွားဆရာဝန်တစ်ဦးဖြစ်သူ ဆူဆန်လိုဘိုသည် အသည်းရောဂါကူးစက်မှုခံရပြီး ရက်သတ္တပတ်အတွင်းမှာပင် ကွယ်လွန်သွားသည်။ အကြောင်းမှာ -ဆူဆန်သည် လူနာတစ်ဦးအား သွားသန့်ရှင်းရေးလုပ်ပေးခဲ့စဉ် ထွက်ကျလာသည့် သွေးမှတဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ခြင်းဖြစ်သည်။အသက် (၄၀) ပင်မပြည့်သေးသည့် လက်ခနောင်းမြို့မှ ထမင်းချက်အလုပ်သမား ဟာရီလား ဆိုသူအားလည်း အလားတူ အသည်းရောဂါဖြင့် ဆေးရုံတင်ခဲ့ရသည်။ သူ့မှာ လိင်ဆက်ဆံမှုမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးစက်ခဲ့ခြင်းဖြစ်ပြီး၊ ဟာရီလားတစ်ယောက် ဆေးရုံမှဆင်းပြီးအိမ်သို့ပြန်ရောက်လာသော်လည်း အမြဲတမ်း ပင်မောပန်းနေခဲ့သည်။ သူ့နှင့်အနေနီးကပ်နေသူများအား ကူးစက်နိုင်သည့် ရောဂါပိုးသယ်ဆောင်သူအဖြစ်ဖြင့် တစ်သက်လုံးရှိနေပါလိမ့်ဦးမည်။

ဥတ္တာပရာဒေ့ရှေ့်ပြည်နယ် ဘဒ္ဓဂွန်ရွာမှရွာသား (၅၂) ဦးတို့အားလည်း အသည်းရောဂါ ကူးစက်ရရှိခဲ့ကြသည်။ ရောဂါဖြစ်ပွါးရခြင်း၏အကြောင်းတရားမှာ  –  ဒေသခံဒေါက်တာတစ်ဦးက အဖန်ဖန် အသုံးပြုနေသည့် ဘီရောဂါပိုး ပါဝင်သောဆေးထိုးအပ်မှတဆင့် ဗိုင်းရပ်ပိုးများ ကူးစက်မှုကိုခံခဲ့ကြရခြင်းဖြစ်သည်။ အိန္ဒိယတွင် အေအိုင်ဒီအက်စ်ရောဂါထက် ပိုမိုအသေအပျောက်များသည့် ကပ်ရောဂါဆိုးဝေဒနာရှင်များမှာ အသည်းရောင် ဘီပိုးရောဂါ၏သားကောင်ဝေဒနာရှင်များပင်ဖြစ်ကြသည်။

တစ်သိန်းမျှသောအိန္ဒိယနိုင်ငံသားများသည် နှစ်စဉ်ဆိုသလို ဤရောဂါဖြင့်သေဆုံးကြရသည်။ သန်းပေါင်းလေးဆယ်မျှသော အိန္ဒိယ နိုင်ငံသားများသည် ဤရောဂါဗိုင်းရပ်ပိုးသယ်ဆောင်သူများဖြစ်ကြသည်။ နယူဒေလီ –   ဂျီဘီပန့်ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာအက်စ်ကေဆာရင်းက – အဲဒီအသံတိတ် လူသတ်ရောဂါနဲ့ ပတ်သက်ပြီးတော့ လူတွေကိုပညာပေးသင့်ပါတယ်ဟုဆိုခဲ့သည်။

ဘီပိုးဗိုင်းရပ်စ်သည် ကြိုတင်ခန့်မှန်းရခက်ခဲသည်။ ရောဂါခံစားနေရသူများအနက် တစ်ရာခိုင်နှုန်းခန့်သောဝေဒနာရှင်များမှာ ဆူဆန်လိုဘိုတို့ကဲ့သို့ စောစီးစွာ အသက်ဆုံးရှုံးကြရသည်။–အများစုမှာ ထာဝရဘီပိုးဝေဒနာရှင်တွေဖြစ်နေရတော့သည်။ ယင်းထာဝရဘီပိုးဝေဒနာရှင်များသည် နောက်ဆုံး၌ အသည်းရောင်အသားဝါရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ဖြင့် သေဆုံးရတော့သည်။ များသောအားဖြင့်ခန္ဓာကိုယ်ထဲမှ ကိုယ်ခံပြီးစံနစ် (အရံအသင့် -ကာကွယ်ရေးစံနစ်) တိုက်စစ်က ဘီပိုးကိုအနိုင်ယူနိုင်ပါ၏။ သို့တိုင် ဘီပိုး- ဗိုင်းရပ်စ်ကလူနာ၏ သွေးစီးကြောင်းတွေထဲတွင် ငုပ်လျိုး၍နေနိုင်ပြီး၊ တချိန်တွင် ဝေဒနာရှင်သည် ဗိုင်းရပ်စ်သယ်ဆောင်သူဖြစ်လာပါတော့သည်။ ၇၅ရာခိုင်နှုန်းသော ဘီပိုးဝေဒနာရှင်များမှာ ဘာလက္ခဏာမှ ပြသမှုမရှိသလို ဘာမှလည်းကိုက်ခဲခံစားရမှုမျိုးမရှိပါဟု ဘုံဘေဆေးရုံနှင့်ဆေးသုတေသနစင်တာ၊ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာဒီပအမရာပူကား (Dr. Deepak Amarapurkar) ကရှင်းပြသည်။

AIDS ကဲ့သို့ပင် ဘီပိုးသည်လည်း လိင်ဆက်ဆံမှု၊ ဆေးထိုးအပ်တို့မှတဆင့် ရောဂါကူးစက်နိုင်ပါသည်။ သို့သော်ကူးစက်နိုင်မှု (အလားအလာ)က အေအိုင်ဒီအက်စ်ထက် အဆတစ်ရာပိုများသည်။ နှုတ်ခမ်းချင်းထိစပ်ပြီးနမ်းစုပ်ခြင်း၊ တစ်ဦး၏သွားပွတ်တံကို တခြားတစ်ဦးသုံးစွဲခြင်းတို့မှလည်း လွယ်ကူစွာပင် ဘီိပိုးကူးပြောင်းနိုင်သည်။ ယင်းအပြင် ဘီပိုးသည် တူပေဒဏ်ပေခံ၍ သက်ဆိုးရှည်လှသည့် ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး လူ့ခန္ဓာကိုယ်အပြင်ဘက်၌ ခြောက်သွေ့နေသော သွေးစွန်းကွက်၊ သွေးအစအနများတွင်ပင် ရက်ပေါင်းများစွာ အသက်ရှင်တည်တန့်နိုင်သည်။ ၄င်းသွေးစွန်းသွေးစများနှင့် လူ့ခန္ဓာကိုယ်၏ ထိခိုက်ဒဏ်ရာရှိနေသောနေရာဖြင့် ထိစပ်မိပါကလည်း ဗိုင်းရပ်စ်ပိုးကူးစက်နိုင်သည်။ ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်တွင်းဝင်မိသည်နှင့်တပြိုင်နက် တစ်မိနစ်ခန့် အချိန်တိုကလေးအတွင်း အသည်းရောက်အောင် ပြန့်ပွါးနိုင်သည်။ အသည်းသို့ရောက်သည်နှင့်တပြိုင်နက် အသည်းရှိဆဲလ်များထံသို့ အဆပေါင်းများစွာ ပြန့်ပွါးဖို့စတင်ပါတော့သည်။ ယင်းသို့ပြန့်ပွားပြီးနောက် အသည်းရောဂါဖြစ်ဖို့ ၈ ပတ်မှ ၁၂ ပတ်ခန့်သာအချိန်လိုကြောင်း မုန်ဘိုင်း လီလ၀တီဆေးရုံနှင့်ဆေးသုတေသနစင်တာ (Mumbai’s Lilavati Hospital and Research Centre)၊ ကင်ဆာရောဂါခွဲစိတ်အထူးကုဌာနမှ ဥက္ကဌဒေါက်တာပီဂျဂန်န (Dr. P. Jagannath) ကဆိုပါသည်။

နာတာရှည် အသည်းရောဂါကို စောစောကြိုသိလျှင်တော့ ဆေးဝါးကုသနိုင်ပါ၏။ သို့သော်ဆေးကုသစရိတ (အိန္ဒိယရူပီးငွေ၂သိန်းကျော်၊၃သိန်းခန့်ဖြစ်၍) အလွန်အကုန်အကျများကာ အချိန်အားဖြင့် နှစ်နှစ်ခန့်ကြာမြင့်နိုင်သည်။ ၄င်းပြင် ဘီပိုးဝေဒနာရှင် ၂၀ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်သာ အောင်မြင်ကောင်းမွန်နိုင်သည်။

တာရှည်ဆိုကျိုးကလည်း အလွန်ကြောက်စရာကောင်းသည်။ အသက် ၃၆ နှစ်အရွယ် လက်ခနောင်းမြို့မှ အာရှာဟုခေါ်သည့်အိမ်ရှင်မတစ်ဦးအား ဘီပိုးဗိုင်းရပ်စ်ကူးစက်ခဲ့သည်။ ၁၉၈၉ခုနှစ် ခွဲစိပ်ပြီး ကလေးမွေးဖွားစဉ်က သွေးသွင်းရာမှ ကူးစက်ခဲ့ခြင်းဖြစ်သည်။ အခုတော့ အသည်းခြောက်ရောဂါရရှိခံစားနေရပြီး သူမ၏ အသက်တမ်းကိုလည်း ထိခိုက်သွားစေခဲ့သည်။ အိမ်ထောင်သည်ဘ၀ကိုလည်း ဒုက္ခဖြစ်စေခဲ့သည်ဟု လက်ခနောင်းမြို့၊ ဆန်ဂျေးဂန်ဒီဘွဲ့လွန်ဆေးတက္ကသိုလ်၊ အစာအိမ်နှင့်အူလမ်းကြောင်းဌာနမှ ပါမောက္ခဒေါက်တာ ဂေါင်းဒါချောင်ဒရီ (Dr. Gourdas Choudhuri) ကဆိုသည်။ ယခုအခါ အာရှာ၏ ၀မ်းဗိုက်မှာလည်း ဖောင်းမောက်နေပြီးအမြဲလိုလိုမောပန်းမှု၊ အားနည်းချိနည်းမှုတို့ကိုခံစားနေရသည်။

ကာကွယ်တားဆီးနိုင်ပါလျက် မတားဆီးကြသည့် အန္တရာယ်များ
အများဆုံးကူးစက်ခံရသူများမှာ ကလေးငယ်များဖြစ်သည်။ ကလေးမွေးစဉ် မိခင်ထံမှ ကူးစက်ခြင်းဖြစ်သည်။ ပတ္တနားမြို့မှ ပါဝတီကုမာရီဆိုသူမှာလည်း ဘီပိုးဝေဒနာရှင်တစ်ဦးဖြစ်သည်။ ကလေး (၃) ယောက်မွေးဖွားခဲ့သည်။ လွန်ခဲ့သော (၃)နှစ်ခန့်က အသည်းခြောက်ရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်။ သူမ၏ကလေး (၃) ယောက်(အသက် ၈ နှစ်၊ ၁၀ နှစ် ၁၂နှစ်) တို့ကိုလည်း ဗိုင်းရပ်စ်ကူးစက်စေခဲ့သည်။ သူတို့သုံးဦးလည်း မကြာမီ ကျန်းမာရေး အကြီးအကျယ် ပျက်စီးချို့ယွင်းလာဖွယ်ရှိပြီး အမြဲဂရုစိုက်စောင့်ရှောက်ကာ ကြာမြင့်စွာ ဆေးဝါးကုသရဖွယ် ရှိသည်ဟု ဒေါက်တာချောင်ဒရီကဆိုသည်။

အလွန်အားရဖွယ်တစ်ခုမှာ ဘီပိုးဗိုင်းရပ်စ်၏ ပြန်ပွားမှုကို တားဆီးကာကွယ်နိုင်ခြင်း ဖြစ်သည်။ အလွန်ထိရောက်သော ကာကွယ်ဆေးများကို ၁၉၈၇ ခုနှစ်ကပင် အိန္ဒိယနိုင်ငံတွင် ပေါပေါကားကားရရှိနေပြီဖြစ်သည်။ သို့ရာတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရဖွယ်အရှိဆုံး ကလေးလူငယ်များအား ကာကွယ်ဆေး အလုံအလောက်မထိုးပေးခဲ့နိုင်ခြင်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပြန်သည်။ ၄င်းပြင် ရှက်စရာအကောင်းဆုံး အချက်တစ်ခုမှာ ဘီပိုးကာကွယ်ဆေးထိုးအပ်များကို အန္တရာယ်ကင်းရှင်းအောင် မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆေးသိပ္ပံတက္ကသိုလ်၊ အစာအိမ်နှင့်အူလမ်းကြောင်းဌာနမှူးဟောင်း ဒေါက်တာဘီအန်တန်ဒုံ (B.N. Tandon) မှဆိုသည်။

အေအိုင်ဒီအက်စ် (AIDS)ရောဂါသည် လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသည့်နှင့်အမျှ ဘီပိုးဗိုင်းရပ်စ်၏ အန္တရာယ်ကြီးမားမှုကို သတိထားဂရုစိုက်မှု နည်းပါးလာကြသည်ဟု ဒေါက်တာတန်ဒုံကယူဆသည်။ အေအိုင်ဒီအက်စ် (AIDS) ရောဂါအတွက် ကာကွယ်ဆေးထိုးနိုင်ပြီဆိုလျှင်မူ လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးဖို့ အဆင်သင့်ဖြစ်နေကြပါလိမ့်မည်။ သို့ရာတွင် အေအိုင်ဒီအက်စ် (AIDS) နှင့်အလားတူ၊ သို့မဟုတ် အေအိုင်ဒီအက်စ်ရောဂါနီးပါး အန္တရာယ်ကြီးမားသည့် ကာကွယ်ဆေးရှိနှင့်ပြီးသား ဘီပိုးဗိုင်းရပ်စ်အတွက်မူ ကာကွယ်ဆေးထိုးသူ အလွန့်အလွန်နည်းပါးနေပါသေးသည်။

ဘီပိုးဗိုင်းရပ်စ်ကူးစက်ရန် အခွင့်အလမ်းအများဆုံးပုဂ္ဂိုလ်များမှာ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးထိုးသူများ၊ လိင်လုပ်သားများ၊ ကျောက်ကပ်ဆေးရသော ကျောက်ကပ်ဝေဒနာရှင်များ၊ သွေးအသွင်းခံရသောဝေဒနာရှင်များ၊ ဘီပိုးဗိုင်းရပ်စ်ရှိသူနှင့် အတူနေထိုင်ရသောမိသားစုဝင်များအားလုံး ကာကွယ်ဆေးထိုးထားသင့်သည်။ ယင်းအပြင် ထောင်နှင့်စိတ်ရောဂါကုဆေးရုံများမှာကဲ့သို့ တာရှည်စွာနေထိုင်ရသည့် နေရာဌာနတို့၌ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်နေရသည့်ပုဂ္ဂိုလ်များ၊ ရုံးဝန်ထမ်းများအားလုံးကိုလည်း ကာကွယ်ဆေးထိုးထားသင့်သည်။ ယင်းတာရှည်နေထိုင်ရာဌာနတို့၌ ဘီပိုးဗိုင်းရပ်စ်အလွန်ထူပြော၍ ကူးစက်လွယ်သောကြောင့်ဖြစ်ပါသည်။

ဘီပိုးကာကွယ်ဆေးသည်လုံးဝဘေးကင်းသည်။၎င်းကာကွယ်ဆေးတွင်ဘီပိုးကိုကာကွယ်တိုက်ထုတ်နိုင်သောပရိုတင်းမျှသာပါဝင်သည်။အပြင်မှလာသောဗိုင်းရပ်စ်ကိုခန္ဓာကိုယ်ထဲတွေ့သည်နှင့်တပြိုင်နက်တိုက်ထုတ်ပြီးလူ့ခန္ဓာကိုယ်သည်ကာကွယ်ပြီးသားဖြစ်သွားသည်ဟုဘုံဘေဆေးရုံနှင့်ဆေးသိပ္ဗံသုတေသနစင်တာမှ Hepatologist ဒေါက်တာဂီတာမာကန်ဘီလာ (Dr. Geeta Malkan-Billa) မှရှင်းပြသည်။

အန္တရာယ်အရှိဆုံးကလေးငယ်များ
အန်ဒမာန်နှင့်နိကိုဘာကျွန်းများမှလူနည်းစုတိုင်းရင်းသားကလေးငယ်များမှာအလွန်အန္တရာယ်ရှိသောအခြေအနေဖြစ်သည်။တစ်ချို့တိုင်းရင်းသားမျိုးနွယ်စုများမှာဘီပိုးဗိုင်းရပ်စ်၆၀ရာခိုင်နှုန်းထိရှိသည်ဟုဆိုသည်။၁၉၉၉ခုနှစ်၊အိန္ဒိယဗဟိုရ်အစိုးရကကာဘိုနီကျွန်းရှိကျေးရွာ၂ရွာ၌လူတစ်ဦးချင်းစီအားဘီပိုးကာကွယ်ဆေးထိုးပေးသည့်အစီအစဉ်တစ်ခုဆောင်ရွက်ခဲ့သည်။အခြေခံပညာရေးမူလတန်းကျောင်း၁၃ကျောင်း၌ပညာသင်ကြားနေသောကျောင်းသား/သူအားလုံးတို့အားလည်းဆေးထိုးပေးခဲ့သည်။

ရောဂါရရှိသူမှာအသက်ငယ်သည်နှင့်အမျှအခြေအနေက ပိုဆိုးလေသည်။ဘီပိုးရောဂါရှိသူမိခင်မှမွေးဖွားလာသောကလေးတိုင်းလိုလိုဘီပိုးဗိုင်းရပ်စ်ကူးစက်ခြင်းကိုခံရလေ့ရှိသည်။သို့ရာတွင်အသက် (၅) နှစ်နှင့်အထက် (သို့မဟုတ်) အရွယ်ရောက်ပြီးသူများကိုကူးစက်နှုန်းမှာ (၅) ရာခိုင်နှုန်းမျှသာရှိသည်။

ဒေါက်တာတချို့နှင့်ကျန်းမာရေးလုပ်သားတချို့ကတော့တီဗီရောဂါနှင့်ဝမ်းရောဂါဖြင့်အများဆုံးသေပျောက်နေသည့်ဆင်းရဲသား၇၀ရာခိုင်နှုန်းနေထိုင်သည့်အိန္ဒိယနိုင်ငံတွင် “ကမ္ဘာတစ်လွှားဘီပိုးရောဂါပပျောက်ရေး” ဆိုသောစကားမှာအလွန် အလှမ်းဝေးသေးသည်ဟုယူဆသည်။ဆင်းရဲသားအများစုကပိုက်ဆံငွေးကြေးမတတ်နိုင်သောကြောင့်ဖြစ်သည်။ယင်းသို့မတတ်နိုင်သောကြောင့် ဘီ -ပိုးဗိုင်းရပ်စ်ရှိသူမိခင်များမှမွေးဖွားလာသောကလေးများကိုသာကာကွယ်ဆေးထိုးပေးပေတော့သည်။ယင်းကလေးများကိုမိခင်မှရောဂါကူးစက်မှုအများကြီးအခွင့်အလမ်းရှိသောကြောင်းဖြစ်သည်။တစ်ချို့ကအိန္ဒိယနိုင်ငံ၏ ကျေးလပ်ဒေသမှမိခင်အများစုမှာသူတို့၏ နေအိမ်၌သာကလေးမွေးကြသောကြောင့်ကလေးငယ်အများစုအားကာကွယ်ဆေးထိုးပေးဖို့မှာအလွန်မလွယ်သည့်ကိစ္စဖြစ်သည်ဟုဆိုသည်။

သို့ဖြစ်၍ မိခင်မှာ ဘီပိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ မွေးကတည်းက ကလေးငယ်အား ကာကွယ်ဆေးထိုးပေးထားခြင်းက အကောင်းဆုံးဖြစ်သည်။ ဤကလေးငယ်များသည် ကျွနု်တို့၏အနာဂတ်မျိုးဆက်သစ်များဖြစ်သည်ဟုဒေါက်တာ S.K. Sarin ကဆိုပါသည်။

အချို့ဒေါက်တာများကမူ ဘီပိုးဗိုင်းရပ်စ်သည် အလွန်ကူးစက်လွယ်ပြီး မိသားစုပေါင်း များစွာရှိ ကလေးငယ်များထံသို့ ကူးစက်ပြန့်ပွါးကုန်ပြီဟုယူဆသည်။

နယူးဒေလီမြို့၊ AIIMS ဆေးရုံ၊ ကလေးအထူးကု အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာနမှ ပါမောက္ခဒေါက်တာ N.K. Arora ကမူ ကလေးငယ်များ အချင်းချင်း ကိုယ်ချင်းထိတွေ့ ဆော့ကစားခြင်းမှာလည်း ရောဂါကူးစက်လွယ်ကူသည့် အကြောင်း တစ်ရပ်ဖြစ်သည်ဟု ဆိုပါသည်။

၁၉၉၁ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မော်လဒိုက်၊ ဘူတန်နှင့်သီရိလင်္ကာနိုင်ငံများတွင် ကလေးလူငယ်တိုင်းအား ဘီပိုးကာကွယ်ဆေးထိုးရန် အကြံပြုချက်ကို လိုက်နာသည့်အနေဖြင့် ၄င်းနိုင်ငံများက တမျိုးသားလုံး ဘီပိုးကာကွယ်ဆေး ထိုးရေးအစီအစဉ်များကို ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ကြသည်။ ၄င်းနိုင်ငံများအနက် တစ်ချို့နိုင်ငံများ ကြိုတင်ကာကွယ်ဆေး ထိုးခြင်း၏အကျိုးကျေးဇူးများကို ယခုအခါရရှိခံစားနေရပြီဖြစ်သည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် ၁၉၉၂ ခုနှစ်၌ လူတစ်သိန်းလျှင် ဘီပိုးရောဂါဖြင့် သေဆုံးသူ ၃၂ ဦးရှိခဲ့ရာမှ၁၉၉၆ ခုနှစ်တွင် ဘီပိုးရောဂါဖြင့်သေဆုံးသူ ၁၄ ဦးသာရှိတော့သည်။

ဘီပိုးကာကွယ်ဆေးဈေးနှုန်း အလွန်မြင့်မားမှုကြောင်း အိန္ဒိယအစိုးရကမူ WHO ၏ ညွှန်ကြားချက်ကို သတိထားဆောင်ရွက်ခဲ့သည်။ စမ်းသပ်မှုအကြိမ်ပေါင်းများစွာ၊ ရှေးပြေးအစီအစဉ်ပေါင်းများစွာကို လုပ်ဆောင် အောင်မြင်ပြီးမှ “ကမ္ဘာတစ်လွှားဘီပိုးပပျောက်ရေး” အစီအစဉ်မှာ ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကာကွယ်ဆေးထိုးခြင်းကို ပထမ/ဒုတိယ အစီအစဉ် အဆင့်ဆင့်ခွဲပြီး ဆောင်ရွက်ပေးခဲ့သည်။ ပထမအဆင့်တွင် အသက်တနှစ်အောက်ကလေးသူငယ် (၇၃၀၀၀၀) တို့အား ၂၀၁၂ ခုနှစ်တွင်မြို့ကြီး (၁၅) မြို့တွင် ကာကွယ်ဆေးထိုးပေးခဲ့သည်။ ဒုတိယအဆင့်ကို၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့သည်။ ဒုတိယအဆင့်တွင် ကလေးသူငယ် ၁ ဒသမ ၉ သန်းအား နိုင်ငံတော်ရှိ ခရိုင်ပေါင်း ၃၃ ခုတွင် ကာကွယ်ဆေးထိုးပေးခဲ့သည်။

G.B. Hospital မှဒေါက်တာ S.K. Sarin က အခိုင်အမာပြောဆိုသည်မှာ ”လူသားတွေမှာ ဒီကပ်ဆိုးရောဂါကို တိုက်ထုတ်ဖို့အတွက် လက်နက်ရှိနေပြီပဲ၊ ဒီတော့ လူသားတွေဟာ ဒီတိုက်ပွဲကို နိုင်ကိုနိုင်ရမှာဖြစ်ပါတယ်” ဟုဆိုပါသည်။

၂၀၀၄ ခုနှစ်၊ ဇန္န၀ါရီလထုတ်၊ Reader’s Digest မဂ္ဂဇင်းမှ Shanoo Bijlani ၏ Hepatitis_B; Our Hidden Plague ဆောင်းပါးကို ဆီလျော်သလို မြန်မာမှု ပြုပါသည်။

မေတ္တာဖြင့်-

ဆရာတော် ဒေါက်တာနန္ဒောဘာသ

ကာလကတ္တား