မှန်ကန်သော ရှာဖွေခြင်း

၁၉-၂-၂၀၁၆ နေ့၊ မဇ္ဈိမဂုဏ်ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ မြန်မာနိုင်ငံမှ ထွက်လာခဲ့စဉ်က အများနည်းတူ ဘုရားဖူးဆိုသော်လည်း၊ တစ်ဦးချင်းစီမှာ တမူထူးခြားတဲ့ သီးသန့် ရည်သန်ချက်ကလေးတွေ ကိုယ်စီနှင့်ဖြစ်ကြသည်။ သည်အချက်မှာ နောက်ပိုင်းတွင်ပေါ်လွင်လာခဲ့သည်။ အမှန်တကယ်ရည်စူးချက် စေတနာမှန်တဲ့ တကယ့်ဘုရားဖူးသူတွေအဖို့တော့ သူတို့ ထင်မှတ်ထားခဲ့သည်ထက် ပိုကြည်နူးရသည်။ ရိုက်ခတ်လာသည့် သဒ္ဓါဓါတ် အဟုန်က တွန်းပို့လိုက်တာကြောင့် ဧဟိဘိက္ခုကြီးများသဖွယ် ရဟန်းအဖြစ်ကို တက်ရောက်သည်အထိ ဖြစ်သွားကြသူတွေလည်း ပါသည်။ ဘုရားဖူးသူတော်စင်တွေ အနေဖြင့် ဘုရားဖူးယင်း မှန်ကန်သော ရှာဖွေခြင်းဖြစ်ဖို့ အရေးကြီးသည်ဟု လက်ခနဲ တွေးမိလိုက်ပါသည်။

– နေရာက အထွဋ်မြတ်ဆုံးနေရာ၊

– ရှာဖြစ်တာက အမှန်ကန်ဆုံးသော ရှာမှီးခြင်း၊

– ဖြစ်လာတာက ရခဲလှတဲ့ ဒုလ္လဘရဟန်း၊

သည်ထက် နည်းနည်းကျယ်ကျယ်ဝန်းဝန်းတိတိပပလေး ရှင်းလင်းပါရစေ။

viber image၁နေရာတော် – သည်နေရာဋ္ဌာနတွင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ငါးရာကျော်ကာလက ငါတို့ဘုရားရှင်ကိုယ်တော်တိုင် သစ္စာအလင်းပေါက်၍ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ အလားတူ ရှေးဘုရားအဆူဆူနှင့် နောင်ပွင့်တော်မူဦးမည့် ဘုရားအဆူဆူတို့သည်လည်း ဤနေရာတွင်ပင် ပွင့်တော်မူခဲ့ကြသည်။ ပွင့်တော်မူကြဦးလိမ့်မည်။ သို့ဖြစ်၍ ဤနေရာသည် ဗုဒ္ဓဘာသာတို့အတွက် သည့်အပြင် မရှိတော့တဲ့ တကယ့်အနှိုင်းမဲ့ နေရာတော်ဖြစ်ပါသည်။ ဤနေရာမှ မရောက်ဖြစ်လျှင် လူဖြစ်ရကျိုးမနပ်သလိုမျိုး ဗုဒ္ဓဘာသာတိုင်း ခံစားရသည်။ ဘာသာခြားများပင် ခြေချင်းလိမ်နေပါဘိ။

 

မှန်ကန်တဲ့ရှာမှီးခြင်း – လူသားတိုင်း သံသရာခရီးသွားများချည်းဖြစ်ကြသည်။ ထိုအထဲမှ ဘုရားဖူးခရီးသွားက ခေါင်းတစ်လုံးပိုသာတဲ့ တကယ့်ခရီးသွားပါ။ သို့တိုင် ခရီးသွားတွေရဲ့ မှန်ကန်တဲ့ရှာမှီးခြင်း စံဖြင့်သာ ခရီးသွားတွေကို တန်ဖိုးဖြတ်သင့်ပါတယ်။ ဒါ့ကြောင့် – တရားမရှာ မယားရှာလည်း ဘုရားတွေ့၍ တကယ့်ဧဟိဘိက္ခူကြီးများဖြစ်ခဲ့ဖူးသည့် ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်တို့ရဲ့ ကျွတ်တန်းဝင်ခန်းကို အားကျတုယူ၊ နှလုံးမူ ကြပါတော့ဟုသာ ဆိုလိုက်ပါရစေ။

 

Thilashinဒုလ္လဘ – ရခဲခြင်း၊ ဖြစ်ခဲခြင်းငါးမျိုးအနက် ရဟန်းအဖြစ်ဖြင့် တရားထူးရခြင်းကို အမြတ်ဆုံး ဒုလ္လဘဟူ၍ ဟောတော်မူသည်။ ဦးစံတင် (ကျောက်ကလပ်၊ ကရင်ပြည်နယ်)၊ ဦးမင်းအောင် (မန္တလေး) တို့ နှစ်ဦးကတော့ မြေမြတ်မဟာ ဗုဒ္ဓဂယာသို့ ဒေါ်သီတာဦးဆောင်သည့် မဇ္ဈိမဂုဏ်ဘုရားဖူးအဖွဲ့ ဖြင့် လာရောက်ပြီး၊ ၂၀ – ၀၂ – ၂၀၁၆ နေ့တွင်၊ မဟာဗောဓိပရဟိတကျောင်းတိုက် ပရိဝုဏ်ထဲတွင် အသစ်ဆောက်လုပ်ပြီးစီးခါစဖြစ်သည့် သဒ္ဓမ္မဇောတိကာ သိမ်တော်တွင်ပင် (ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘော – အမြတ်ဆုံးသော) ရဟန်းအဖြစ်ကို ခံယူခဲ့ကြခြင်းဖြစ်ပါသည်။ ထိုနည်းတူ ဒေါ်ခင်ထွေးရီ (တာမွေ၊ ရန်ကုန်) လည်း ရောက်တုန်းရောက်ခိုက် သစ္စာဆိုက်ရေး အစဉ်တွေးလျှက် ဒုလ္လဘသီလရှင် အဖြစ်ခံယူသည်။

သစ္စာသိမြောက် တရားပေါက်၍ နိဗ္ဗာန်ရောက် အေးချမ်းနိုင်ကြပါစေသောဝ် ။   ။