မြန်မာဘုန်းတော်ကြီးကျောင်းများ မြန်မာအလှူရှင်များ၏ ဒါနအားဖြင့်သာ ရပ်တည်နေကြရ

မြတ်စွာဘုရားရှင်သည် အာနန္ဒာအရှင်သူမြတ်အား ရတနာသုံးပါး၌ ကြည်ညိုကြကုန်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနလေးခုအဖြစ် မြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗိနီအင်ကြင်းတော၊ ဘုရားရှင်၏ အတုမရှိသော သဗ္ဗညုတ ရွှေဥာဏ်တော် ရရှိတော်မူသော ဗောဓိပင်နှင့် ရွှေပလ္လင်ပေါ်ပေါက်ရာ ဗုဒ္ဓဂယာ၊ ဓမ္မစကြာတရားဦး ဟောကြားတော်မူရာ မိဂဒါဝုန်တော၊ ပရိနိဗ္ဗာန်စံဝင်တော်မူရာ ကုသိနာရုံတို့ကို ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပသိကာ၊ ဥပသိကာမများ လာရောက်ဖူးမြော်ကြပေလိမ့်မည်ဟု ဟောကြားတော် မူခဲ့ပြီး “အကြင်သူတို့သည် ဖူးမြော်ကြရင်း ကြည်ညိုစိတ်ဖြင့် စေတနာပွားခြင်း၊ သံဝေဂဥာဏ်ပွားများမိကြပြီး သေလွန်ကုန်ကြ၏ ….. ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး သေလွန်ပြီးနောက် နတ်ရွာ သုဂတိသို့ လားရောက်ကြကုန်လတ္တံ့” ဟု ဆက်လက် မိန့်ကြားတော် မူခဲ့သည်။

တိုးတက်လာသော ခရီးသွားလုပ်ငန်းနှင့်အတူ မြန်မာနိုင်ငံ အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များသည် ဘုရားရှင် ဖွားမြင်တော်မူရာ၊ ဘုရားရှင်း ပွင့်တော်မူရာ၊ ဒေသနာတော်များကို ဟောကြားတော်မူရာနှင့် ပရိနိဗ္ဗာန်ပြုတော်မူရာ အရပ်ဒေသများသို့ သွားရောက်သူဦးရေ မြင့်တက်လျက်ရှိရာ အိန္ဒိယနိုင်ငံသို့ သွားရောက်သူ တစ်နှစ်လျှင် ငါးသောင်းကျော်ခန့်ရှိပြီး အများစုသော ဘုရားဖူးများ၏ နေထိုင်စားသောက်မှုတို့မှာ မြန်မာဘုန်းတော်ကြီး ကျောင်းများကိုသာ အမှီပြုနေကြဆဲပင်။

“မြန်မာဘုန်းတော်ကြီး ကျောင်းတွေကြောင့် ဘုရားဖူးတွေ အခက်အခဲ မရှိသလို မြန်မာဘုန်းတော်ကြီးတွေရဲ့  သာသနာပြုလုပ်ငန်းတွေနဲ့ စာပေသင်ယူမှု အပိုင်းမှာလည်း မြန်မာနိုင်ငံက အလှူရှင်တွေ ကြောင်းသာ ရပ်တည်နေနိုင်ခြင်းဖြစ်တယ်” ဟု အိန္ဒိယနိုင်ငံ၌ သွားရောက်သာသနာပြုနေသော ဒေါက်တာ အရှင် နန္ဒောဘာသက မိန့်ကြားသည်။

“အိန္ဒိယနိုင်ငံဟာ ဗုဒ္ဓဘာသာရဲ့  အရင်းအမြစ် ဖြစ်ပေမဲ့ လက်ရှိ ဘာသာတရား ကိုးကွယ်မှု အခြေအနေအရ ဗုဒ္ဓဘာသာ ကိုးကွယ်သူက နိုင်ငံ လူဦးရေရဲ့  ၀ ဒသမ ၁၁ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ရပါတယ်။  ဘုန်းကြီးတို့ ဗုဒ္ဓဘာသာက ဒါန၊ သီလ၊ ဘာဝနာကို အဓိကထားပြီး သာသနာပြုကြပါတယ်။ အိန္ဒိယလူမျိုး အများစုက ဒါန အားနည်းကြတယ်။ ဒါကြောင့် အိန္ဒိယမှာ သာသနာပြုနေရခြင်း ဖြစ်တယ်။ သာသနာပြု ရဟန်းပေါင်း ၁၀၀ ၀န်းကျင်နဲ့ စာသင်သား ရဟန်းပေါင်း ၅၀၀ ကျော်ရှိတယ်။ အားလုံးရဲ့  ပစ္စည်းလေးပါး ထောက်ပံ့မှုကို မြန်မာအလှူရှင်တွေရဲ့  သဒ္ဓါတရားပေါ်မှာ အလုံးစုံ မှီခိုရပ်တည်ရတယ်” ဟု ဒေါက်တာ နန္ဒောဘာသကပင် မိန့်ကြားသည်။

အိန္ဒိယနိုင်ငံရှိ တည်းခိုခ နှုန်းထားများကို လေ့လာကြည့်မိသည့်အခါ အနိမ့်ဆုံး တည်းခိုခန်းများတွင်ပင် တရက်တည်းခိုခနှုန်းမှာ အိန္ဒိယ ရူပီးငွေ ၁၂၀၀ မှ ၂၈၀၀ အတွင်း ပေးဆောင်ကြရပြီး မြန်မာဘုရားဖူးများအတွက် မြန်မာဘုန်းတော်ကြီးကျောင်းများက တစ်ဦးလျှင် အိန္ဒိယ ရူပီးငွေ ၁၀၀ ခန့်ဖြင့် တည်းခိုနိုင်ရန် ကျောင်းတိုင်းနီးပါး စီစဉ်ပေးကြခြင်းဖြင့် အုပ်စုလိုက် ခရီးသွားများနှင့် မိသားစုများ၊ တစ်ဦးချင်း ခရီးသွားများအားလုံး ကုန်ကျစရိတ် သက်သာခြင်းအပြင် နိုင်ငံရပ်ခြားလည်းဖြစ်၊ ဗုဒ္ဓသာသနာ စတင်ပေါ်ပေါက်ရာ နေရာမှ မြန်မာဘုန်းတော်ကြီးများ၏ သာသနာပြု လုပ်ငန်းများကို ကူညီရာရောက်ကြောင်း ဘုရားဖူး ခရီးသည်တစ်ဦးက တွက်ချက်ပြသည်။

“ပရဟိတနှင့် ဘာသာရေးက ဆက်စပ်မှု ရှိပါတယ်။ ဘုန်းကြီးတို့ အနေနဲ့ မြန်မာနိုင်ငံက လာရောက်သူတိုင်းကို အကူအညီပေးတယ်။ ဘုရားဖူးဖြစ်ဖြစ်၊ ဆေးလာကုတာဖြစ်ဖြစ်၊ ကျောင်းလာတက်တာဖြစ်ဖြစ် အားလုံးကို လိုအပ်တဲ့ ကူညီမှုတွေပေးပါတယ်။ သူတို့အတွက် ဘာသာစကား အခက်အခဲ၊ နေထိုင်စားသောက်မှု အခက်အခဲတွေကို ကူညီပေးတယ်။ ကိုယ့်တိုင်းပြည်က လူတွေတင်မဟုတ်ပါဘူး။ သူတို့နိုင်ငံက အမျိုးသမီးတွေကိုလည်း ငွေစုငွေချေးလိုမျိုး အတိုးနှုန်း ရာခိုင်နှုန်း အနည်းဆုံးနဲ့ ငွေကြေးထူထောင်ပေးတယ်။ အဲလိုနည်းနဲ့ ပရဟိတတွေ လုပ်ဆောင်သလို မြန်မာစာသင်သား သံဃာတော်တွေအတွက် လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးကြတယ်” ဟု ဒေါက်တာနန္ဒောဘာသက ဆက်လက်မိန့်ကြားသသည်။

ဆရာတော်အနေဖြင့် ၁၉၇၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ စတင်ရောက်ရှိကာ ဗုဒ္ဓစာပေများကို သင်ယူရင်း ၁၉၉၆ ခုနှစ်အရောက်တွင် မြန်မာအလှူရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် အနောက်ဘင်္ဂလားပြည်နယ် ကိုးလ်ကတ္တားမြို့၌ ဗောဓိသုခပရဟိတကျောင်းကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပ ရဟန်းစာသင်သားများအား အခမဲ့ နှစ်စဉ် အင်္ဂလိပ်စာ သင်ကြားပေးခြင်း၊ ပြည်ပရောက် မြန်မာလူမျိုးများအတွက် အကူအညီများပေးခြင်း၊ တရားစခန်းများ ဖွင့်လှစ်ခြင်း၊ ဘုရားဖူးများအတွက် နေစရာ စီစဉ်ပေးခြင်းများကို လုပ်ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဗုဒ္ဓဂယာအရပ်၌ အမေရိကန်ဒေါ်လာ ၆ သိန်းတန်ဖိုးရှိ မြေကွက်ကို အလှူရှင်များ လှူဒါန်းမှုဖြင့် ၀ယ်ယူခဲ့ကြောင်း၊ ငါးထပ်ကျောင်းဆောင်သစ်ကို တည်ဆောက်လျက်ရှိပြီး ယခုအခါ ဒုတိယအထပ် အကြမ်းထည် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

“တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာဘုန်းတော်ကြီးကျောင်းတွေ ရှိပေမဲ့ နည်းပါးနေသေးတယ်။ မြန်မာဘုန်းတော်ကြီးကျောင်းတွေ ဂယာမှာ ထပ်မံ ရှိနေသင့်တယ်လို့ ယူဆမိတဲ့အတွက် အခုလို ဆောက်လုပ်ရခြင်းဖြစ်ပါတယ်။ ငါးထပ်ကျောင်းဆောင် တည်ဆောက်ရခြင်းက တရားရိပ်သာဖွင့်လိုပါတယ်။ ပြည်ပရောက် မြန်မာတွေအတွက်ရော၊ နိုင်ငံခြားသား ယောဂီတွေအတွက် အများအပြားဆန့်မည့် တရားရိပ်သာမျိုး အားနည်းနေတဲ့ အတွက် ဖြစ်တယ်။ ဒါ့အပြင် စာသင်သား သံဃာတွေအတွက် အင်္ဂလိပ်စာအပြင် အခြားလိုအပ်တဲ့ သင်တန်းတွေ အခမဲ့ ဖွင့်လှစ်လိုတာကြောင်းဖြစ်ပါတယ်။ အလှူရှင်တွေရဲ့  စုပေါင်း ကုသိုလ်ကြောင်း နှစ်ထပ်ပြီးစီးလို့ ရေစက်ချ အခမ်းအနား ကျင်းပခဲ့ပြီးပါပြီ။ ထပ်မံတည်ဆောက်ဖို့အတွက် အလှူရှင်တွေ လိုအပ်နေဆဲပါ၊ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ဦးဆောင်မှုပြုတဲ့ ပုဂ္ဂိုလ် ကွယ်လွန်သွားရင် အဖွဲ့အစည်းကြီး တစ်ခုလုံး မှေးမှိန်သွားတတ်ပါတယ်။ ပြည်ပမှာ ရှိတဲ့အတွက် ပိုပြီး လိုအပ်တာကြောင့် ဘုန်းကြီးတို့က ကြိုးစားပြီး ဆောင်ရွက်နေကြရတယ်” ဟု အတွေ့အကြုံအား ဆရာတော်က မိန့်ကြားသည်။

၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် မဇ္ဈိမဒေသသို့ ဘုရားဖူးများ သွားရောက်မှု စတင်မြင့်တက်လာခဲ့ပြီး ယင်းရှေ့ ပိုင်းတွင် ကုန်သွယ်ရေးအနေဖြင့်သာ အသွားအလာများကြောင်း၊ ကုန်သွယ်ရေးအနေဖြင့် သွားလာသည့်ကာလများတွင် ဘုရားဖူးလာရောက်သူ ဦးရေမှာ တနှစ်လျှင် ၁၀၀၀ မှ ၂၅၀၀ ကြားသာ လာရောက်ပြီး သာသနာရေးဌာနများမှ လာရောက်ပို့ဆောင်သည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်များတွင် တနှစ်လျှင် ဘုရားဖူး ၃၀၀၀ မှ ၅၀၀၀ ကြား လာရောက်ကြကြောင်း၊ ယခုနောက်ပိုင်း ပုဂ္ဂလိက ဘုရားဖူးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးပြီးနောက် တနှစ်လျှင် ဘုရားဖူး ၂၀၀၀၀ မှ ၅၀၀၀၀ ကြား လာရောက်ကြကြောင်း ဘုရားဖူးလုပ်ငန်းများမှ သိရသည်။

“ဘုရားဖူးတွေအတွက် နေရေးထိုင်ရေးကို မြန်မာဘုန်းတော်ကြီး ကျောင်းတွေကိုသာ အဓိက အားကိုးနေရတာဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေအတွက် သာသနာပြု လုပ်ငန်းတွေမှာ အကူအညီဖြစ်စေသလို ဘုရားဖူးတွေအတွက် မြန်မာဘုန်းတော်ကြီး ကျောင်းတွေ ရှိလာတာကြောင့် လုံခြုံမှု ရရှိစေတယ်။ အိန္ဒိယက ပြည်နယ်စုံမှာ မြန်မာဘုန်းကြီးကျောင်းတွေ အများကြီး ပေါ်ထွက်လာစေချင်ပါတယ်။ ဒါမှသာ ဗုဒ္ဓပွင့်တော်မူတဲ့ အရပ်မှာ ဗုဒ္ဓ၀ါဒ မပျောက်ကွယ်မှာ။ အခုတော့ အများကြီး လိုအပ်နေတာမို့ မြန်မာဘုန်းတော်ကြီးကျောင်းတွေ ဆောက်ဖို့အတွက် အလှူရှင်တွေကို တိုက်တွန်းလိုပါတယ်” ဟု မဇ္ဈိမဂုဏ်ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းမှ ဒေါ်သီတာက ပြောပြသည်။

မိဘများသည် သားသမီးများကို မှန်ကန်သည့် အဆုံးအမများ ပေးအပ်ရင်း သွန်သင်ကြားသကဲ့သို့ မြန်မာဘုန်းတော်ကြီးကျောင်းများသည်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များကို အဖန်ဖန် အောက်မေ့ကာ မြေမြတ်မဟာ ဗုဒ္ဓဂယာ ၀န်းကျင်ဒေသများအတွင်း ဗုဒ္ဓတရားသံများ ဝေစည်လာစေရန် တက်စွန်းနိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဗုဒ္ဓဘာသာဝင်တိုင်း ပါဝင်ကုသိုလ် ပြုနိုင်ကြစေရန် မျှော်လင့်ကြောင်း ဒေါ်လာ ရှစ်သိန်း ကုန်ကျမည့် ဗီဟာပြည်နယ် ဗုဒ္ဓဂယာ အရပ်၌ မဟာဗောဓိပရဟိတမြန်မာဘုန်းတော်ကြီးကျောင်း ငါးထပ်ကျောင်းဆောင်သစ် တည်ဆောက်လျက်ရှိသော အမေရိကန်နိုင်ငံ New Age International University ၏ ဧည့်ပါမောက္ခ၊ မဟာဗောဓိပရဟိတကျောင်းဆရာတော် ဒေါက်တာ နန္ဒောဘာသက မိန့်ကြားသည်။

သတင်းဆောင်းပါး – ခင်ရတနာ

ဓါတ်ပုံ –  တင်စိုး (မြန်မာ့အလင်း)

၁၆-၁-၂၀၁၅ နေ့ထုတ် မြန်မာအလင်း သတင်းစာမှ ကူးယူဖော်ပြသည်။