သင်ဆီးချိုရောဂါဖြစ်နေပြီလား

ဆူရပ်ရှ်မဟတ္တရသည် တဖြည်းဖြည်းနှင့် ကိုယ်အလေးချိန်ကျလာပြီး မောပန်းလာသည်။ အလုပ်လုပ်ယင်း တစ်ချိန်လုံးလိုလို စိတ်ထဲ ကသိကအောက်ဖြစ်လာသည်။ မအားမလပ် လုပ်နေရသည့် အလုပ်တာဝန်တွေကြောင့်၊ ၁၈ နာရီလုံးလုံး အလုပ်တွေလုပ်နေရသည့်အတွက်ကြောင့် ထိုကဲ့သို့ဖြစ်လာခဲ့ခြင်းသာ ဖြစ်မည်ဟုစဉ်စားပြီး ထိုမောပန်းမှု၊ ကိုယ်အလေးချိန်ကျလာမှုများကို ခေါင်းထဲမထည့်ဘဲ ဘေးချိတ်ထားလိုက်သည်။ နောက်ပိုင်းတွင် မွန်ဘိုင်းမှ မိမိကိုယ်တိုင် ဆရာဝန်တစ်ဦးဖြစ်သူ ဆူရပ်ရှ် မဟတ္တရမှာ ရေသောက်ယင်း ရေငတ်မပြေဖြစ်လာသည်။ သူသည် ရေငတ်ပြေမလားဆိုပြီး ရေများ အချိုရည်များ တစ်ခွက်ပြီး တစ်ခွက်ရေတွက်မရအောင် သောက်ကြည့်သည်။ သို့ရာတွင် မျက်စိ အမြင်အာရုံများ မှုန်ဝါးဝါးဖြစ်လာသောအခါကျမှ မျက်စိဆရာဝန်ဆီကို သွားပြလိုက်သည်။

မျက်စိဆရာဝန် စမ်းသပ်စစ်ဆေးကြည့်လိုက်သောအခါ သူ့၏စမ်းသပ်စစ်ဆေးချက်အရ မဟတ္ထရ၏ မျက်လုံးများမှာ ဆိုးဆိုးရွားရွားပျက်စီးသွားပြီးဖြစ်ကြောင်း သိလိုက်ရသည်။ ဆီးချိုရောဂါ၏ အကျိုးဆက်ကြောင့် မျက်ကြည်လွှာများပျက်စီးသွားခြင်းဖြစ်သည်။ ဆီးချိုရောဂါမှာ ပြန်၍ကောင်းအောင် ကုသ၍မရသော ရောဂါဖြစ်သည်။ လေဆာဖြင့် ကုသကြည့်သော်လည်း မျက်စိတစ်ဖက်မှာ အမြင်အာရုံများ ဆုံးရှုံးသွားပြီး၊ ကျန်မျက်စိတစ်လုံးမှာ မြင်ရုံမျှသာဖြစ်သွားသည်။

ဆူရပ်ရှ်မဟတ္ထရသည် သူ၏ရောဂါလက္ခဏာကို စစ်ဆေးကြည့်သည်မှာ အလွန်နောက်ကျသွားခဲ့သည်။ ဆီးချိုရောဂါသည် ၇၅ ရာခိုင်နှုန်းမှာ မျက်ကြည်လွှာများပျက်စီးသွားသောကြောင့် မျက်စိများကန်းသွားကြသော်လည်း အမြင်အာရုံများ ဆုံးရှုံးသွားစရာ အကြောင်းမရှိပါ။” ကျွန်တော်တို့ဟာ မျက်လုံးတွေကန်းမသွားအောင် ကုသပေးနိုင်ပါတယ်၊ တကယ်လို့လူနာက ကျွန်တော်တို့ဆီကို စောစောစီးစီး ရောက်အောင်လာခဲ့မယ်ဆိုယင် အသက်ကိုတောင် ကယ်နိုင်ပါတယ်” ဟု မွန်ဘိုင်းမြို့Jaslok ဆေးရုံမှ ဒေါက်တာ Shaukat sadikot ကပြောသည်။

ကျွမ်းကျင်သူများက ခန့်မှန်းကြသည်မှာ အိန္ဒိယနိုင်ငံက ဆီးချိုရောဂါသည် ၃၃ သန်းလောက်တွင် ၅၀ ရာခိုင်နှုန်းကျော်ကျော်လောက်သည် သူတို့မှာ ဆီးချိုရောဂါဖြစ်နေကြောင်းကို မသိကြဟုဆိုပါသည်။ မွန်ဘိုင်းမြို့ S.L Raheja ဆေးရုံနှင့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆီးချိုဌာန၏ ဂုဏ်ထူးဆောင် ဆီးချိုရောဂါအထူးကု ဒေါက်တာ Pradeep G. Talwalker,ကမူ “ဆီးချိုရောဂါဖြစ်နေတာဟာ ဒီထက်မကများပြားနိုင်ပါတယ်၊ ပြီးတော့ ဆီးချိုရောဂါဖြစ်ပွားနေတာကလဲ တအားကြီးခေတ်စားနေတယ်လေ” ဟုဆိုပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သက္ကရာဇ် ၂၀၂၅ ခုနှစ်ရောက်လျှင် အိန္ဒိယနိုင်ငံတွင် ဆီးချိုရောဂါသည်ပေါင်း ၅၇ သန်းထက်မက များပြားလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ “အဲဒီအခါကျယင် ကမ္ဘာတစ်ဝှန်းလုံးရဲ့ ဆီးချိုရောဂါသည် လေးယောက်အနက် တစ်ယောက်ဟာ အိန္ဒိယလူမျိုးဖြစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ ဆေးရုံက လူနာကုတင် ၂၀ ရာခိုင်နှုန်းကို ဆီးချိုရောဂါသည်တွေက အပိုင်စီးထားကြတယ်လေ၊ ဆီးချိုရောဂါ ကုသရတာ ဘယ်လောက်ကုန်ကျတယ်ဆိုတာ မသိနိုင်ပေမယ့် အဲဒါ တကယ်များပြားနိုင်ပါတယ်” ဟု ရှန်နိုင်းမြို့ ဆီးချိုရောဂါသုတေသနဌာနညွှန်ကြားရေးမှုးနှင့် M.Vဆေးရုံမှ ဆီးချိုရောဂါကု ဒေါက်တာ A Ramachandran ကပြောပါသည်။ ဆီးချိုရောဂါဖြစ်ရခြင်းအကြောင်းမှာ သွေးထဲတွင် သကြား (အချို) ဓာတ်လွန်ကဲမှုကြောင့် ဖြစ်သည်။ သာမန်အားဖြင့် အင်ဆူလင် ဟော်မုနုးက သွေးထဲရှိ သကြားဓာတ်များကို ခွန်အားအဖြစ် ချက်ချင်းပြောင်းလဲပစ်နိုင်သည်။ သို့မဟုတ် ထိုသကြားဓာတ်များကို ဆဲလ်ထဲသို့ပို့ပေးလိုက်သည်။ သို့ရာတွင် အင်ဆူလင် လုံလုံလောက်လောက် ထုတ်မပေးနိုင်သည့်အခါ၊ သို့မဟုတ် အင်ဆူလင်က ကောင်းမွန်စွာအလုပ်မလုပ်နိုင်သည့်အခါ သွေးထဲတွင် သကြားဓာတ်များ ကြွင်းကျန်နေတတ်သည်။ ထိုကဲ့သို့ သွေးထဲတွင် သကြားဓာတ်များ ကျန်နေလျှင် သွေးကြောများ၊ အာရုံကြောများနှင့် တစ်ရှုးများကို ထိခိုက်ပျက်စီးသွားစေပါသည်။

ငါးရာခိုင်နှုန်းအောက်နည်းသော အိန္ဒိယနိုင်ငံမှ ဆီးချိုရောဂါသည်အများစုမှာ ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များသာ အများဆုံးဖြစ်ကြသည်။ သူတို့တွင် အစာကို ချေဖျက်သည့် အင်ဆူလင်ကထုတ်လုပ်ပေးသည့် ဆဲလ်များ ပျက်စီးသွားသောကြောင့် ထိုကဲ့သို့ ဆီးချိုရောဂါဖြစ်ပွားရခြင်းဖြစ်သည်။ ဤကဲ့သို့ အင်ဆူလင်ပျက်စီးခြင်းကြောင့် ဖြစ်သော ဆီးချိုရောဂါမျိုးကို အမျိုးအစား (၁) ဟုခေါ်ကြသည်။ သူတို့သည် နေ့စဉ်နေ့တိုင်း အင်ဆူလင် ထိုးမပေးလျှင် သေသွားနိုင်သူများဖြစ်သည်။

သို့သော်လည်း ဆူရပ်ရှ်မဟတ္ထရကဲ့သို့ အမျိုးအစား (၂) ဆီးချိုရောဂါခံစားရသည့် အများစုမှာ အင်ဆူလင်အချို့ကို ထုတ်ပေးနိုင်သည်ဆိုသော်ငြားလည်း သကြားဓာတ်ကို လုံလောက်စွာ ချေဖျက်နိုင်စွမ်းမရှိသဖြင့် သကြားဓာတ်များ ကြွင်းကျန်နေတတ်သည်။ အမျိုးအစား (၂) ဆီးချိုရောဂါကို ယခင်က နောက်ဆုံးပေါ် ဆီးချိုရောဂါဟုသိထားကြသည်။ ယင်းအမျိုးအစား (၂) သည် ယေဘုယျအားဖြင့် အသက် ၄၀ နောက်ပိုင်း အိန္ဒိယလူမျိုးများ အဖြစ်များကြသည့် ရောဂါဖြစ်သည်။ ပြောင်းပြန်အားဖြင့် အသက်၅၀ အရွယ်တွင် ဖြစ်ပွားတတ်သော ဥရောပသားများနှင့်စာလျှင် သိသိသာသာကြီးနည်းပါးနေသည်ဟုဆိုနိုင်သည်။

“အမှန်တကယ်ပြောရမယ်ဆိုယင်တော့ အိန္ဒိယလူမျိုးတွေက မျိုးရိုးလိုက်တဲ့ ဆီးချိုရောဂါက ပိုများပါတယ် “ဟု ပုနေးမြို့ KEM ဆေးရုံမှ ဆီးချိုရောဂါ သုတေသန အဖွဲ့မှ ဒေါက်တာ C.S.Yajnik ကပြောပြသည်။ အိန္ဒိယနိုင်ငံတွင် ဆီးချိုရောဂါကို လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကပင် ရောဂါတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ” ဆီးချိုရောဂါနဲ့ဆက်စပ်လို့ အာယုဗေဒဆေးပညာအရ သုံးမျိုးသုံးစား ဖေါ်ပြထားတာရှိပါတယ်၊ အာယုဗေဒဆေးပညာရှင်တွေက ရောဂါလက္ခဏာများနဲ့ ရောဂါအမျိုးအစားကွဲပြားပုံ၊ ပြီးတော့ အဲဒီရောဂါကို ကုသပုံကုသနည်းတွေကို ရှင်းပြထားပါတယ် “ဟု မွန်ဘိုင်းမြို့ ဆေးပညာဆိုင်ရာသုတေသန ညွန်ကြားရေးမှုး ဒေါက်တာ Ashok B. Vaidya ကမှတ်ချက်ပြုသည်။

သကြားဓာတ်ကို ထိန်းချုပ်၍ မနိုင်ခြင်းသည် ရောဂါမျိုးစုံကို ဖြစ်ပွားစေတတ်ပါသည်။ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းအပါအ၀င် ထိုဆီးချိုရောဂါက လူနာ ၇၀ ရာခိုင်နှုန်းကို သေစေတတ်ပြီး ဆီးချိုရောဂါကြောင့် နှလုံးရောဂါကို နှစ်ဆကနေ လေးဆအထိဖြစ်ပွားစေတတ်ပါသည်။ အာရုံကြောများ ပျက်စီးခြင်းကြောင့် ခြေဖျား လက်ဖျားများတွင် ထိခိုက်ဒဏ်ရာရခြင်း၊ ပိုးဝင်ခြင်းဖြစ်ပွားလျှင် ကုသရန်အလွန်ခက်ခဲပြီး ခြေထောက်တွင် အနာက တာရှည်ဖြစ်ပွားကာ နောက်ပိုင်းတွင် ယင်းခြေလက်အင်္ဂါများကို ဖြတ်တောက်ပစ်ရပါသည်။ အမှန်အားဖြင့် အိန္ဒိယနိုင်ငံတွင် ဆီးချိုရောဂါမှာ ခြေလက်အင်္ဂါများကို ဖြတ်တောက်ပစ်ရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါသည်။

ဆီးချိုရောဂါဖြစ်သောလူအချို့တွင်၊ အထူးသဖြင့် ဆီးချိုရောဂါ အကြာကြီးခံစားရသူများတွင် အာရုံကြောများ၊ သွေးပြန်ကြောများ ပျက်စီးသွားသောကြောင့် အင်အားများဆုတ်ယုတ်သွားရလေသည်။ “သွေးချိုခြင်းကို ထိန်းပေးခြင်းဖြင့် တစ်ခြားကုသမှုတွေ၊ ပြီးတော့ နောက်ထပ်ဖြစ်လာမယ့် ဆိုးကျိုးတွေကို တိုတိုနဲ့ဖြတ်ပစ်နိုင်ပါတယ်” ဟု ပုနေးမြို့ဆီးချိုရောဂါသုတေသန အဖွဲ့၊ KEM ဆေးရုံမှ ဒေါက်တာ K.M.Shelgikar ကဆိုပါသည်။

ဆီးချိုရောဂါဖြစ်လျှင် ဆူရပ်ရှ် မဟတ္တရ၏ အဖြစ်အပျက်ကဲ့သို့ မျက်ကြည်လွှာရှိ သေးငယ်သော သွေးကြောများနှင့် မျက်လုံးနောက်ခံများကိုပါ ထိခိုက်ပျက်စီးစေပါသည်။ အမှန်းအားဖြင့် မျက်ကြည်လွှာများ ပျက်စီးပြီး မျက်လုံးများကန်းသွားခြင်းသည် အိန္ဒိယနိုင်ငံ၏ မြို့ပြဒေသအကြားတွင် အဖြစ်များပါသည်။ အမြင်အာရုံဆုံးရှုံးမှုကို လေဆာဖြင့်ကုပြီး တားမြစ်နိုင်သော်လည်း ၂၀ ရာခိုင်နှုန်းဝန်းကျင်လောက်မှာ မျက်ကြည်လွှားများ ပျက်စီးသွားပြီးမှ ရောဂါကိုစစ်တမ်းထုတ်ကြသူများဖြစ်သည်။ သွေးချိုခြင်းကို မထိန်းနိုင်ခြင်း၏ အဓိကအရေးကြီးသည့် အကျိုးသက်ရောက်မှုများသည် ကျွန်ုပ်တို့ ကုသနိုင်သည်ထက် စောစီးစွာ ရောဂါကို သတ်မှတ်နိုင်ဖို့အတွက် အဓိကကျသည့် အကြောင်းရင်းဖြစ်ပါသည်။ ဤသည်မှာ ပြောသလောက် လွယ်ကူသည်တော့ မဟုတ်ပါ။ “ဆီးချိုရောဂါရဲ့ မီးနီပြတာကို လူတော်တော်များက သိအောင်မလုပ်ကြသလို ဆီးချိုရောဂါသည် ထက်ဝက်နီးပါးလောက်ဟာလဲ စောစောပိုင်းအဆင့်မှာ ရောဂါလက္ခဏာကို မသိနိုင်ကြသူတွေဖြစ်ပါတယ် “ဟု ဒေါက်တာ Ramachandran ကဆိုပါသည်။

မျိုးရိုးကိုအခြေခံပြီး ရောဂါဖြစ်သည်ဟုဆိုသော်လည်း ရောဂါဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းသည် ရှိနိုင်ပါသည်။ ဒေါက်တာ Ramachandran ၏ အဆိုအရ အကယ်၍ လင်နှင့် မယားနှစ်ယောက်စလုံးတွင် ဆီးချိုရောဂါရှိသည်ဆိုလျှင် သူတို့၏ ကလေးငယ်များမှာလည်း ဆီးချိုရောဂါဖြစ်ပွားရန် အလားအလာမှာ ၆၀ ရာခိုင်နှုန်းရှိသည်ဟုသိရပါသည်။ တစ်ခြားအကြောင်းများကြောင့် ဖြစ်ပွားရခြင်းလည်းရှိမည်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းသည် အဓိက အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်က ဖင်လန်နိုင်ငံမှ လေ့လာမှုတစ်ခုတွင် အသက် ၄၂နှစ်မှ အသက် ၆၀ရှိ ကိုယ်လက်လှုပ်ရှားမှု မရှိသူများသည် ရက်သတ္တ တစ်ပတ်လျင် အနည်းဆုံး မိနစ် ၄၀ လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်သူများထက် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ရန် အလားအလာ နှစ်ဆပိုများသည်ဟု ဖေါ်ပြထားပါသည်။

နောက်ထပ် ဆီးချိုရောဂါဖြစ်ရန် အကြောင်းရင်းတစ်ခုမှာ အ၀လွန်ခြင်းဖြစ်ပါသည်။ သို့သော်လည်း အိန္ဒိယလူမျိုး ဆီးချိုရောဂါသည် အများစုမှာ ၀သူများမဟုတ်ကြပါ။ များများဝလေ သင်၏ခန္ဓာကိုယ်တွင် သကြားဓာတ်များကို ညီမျှအောင်ထိန်းပေးဖို့အတွက် အင်ဆူလင် များများလိုအပ်လေလေဖြစ်သည့်အပြင် အားစိုက်ခြင်းကြောင့် အစာကိုကြေအောင်လုပ်သည့် ဂလင်းများ ပို၍အားနည်းလေလေဖြစ်သည်။

မွန်ဘိုင်းမြို့မှ မီဒီယာလုပ်ငန်း အလုပ်အမှုဆောင် အသက် ၄၀ အရွယ်ရှိ ပရန်နေဂျလန်းသည် ကီလို ၉၉ရှိပြီး ဆိုးဆိုးရွားရွားကိုယ်အလေးချိန်တိုးလာခဲ့သည်။ သူသည် စတင်ပြီး အသက်ရှု၍ မ၀ဘဲ မောဟိုက်ယင်း မောလာသည်။ ပြီးလျှင် မကြာခဏ ရေချိုးခန်းထဲသွားနေရသည်။ ပရန်နေသည် အထွေထွေရောဂါကုဆေးခန်းတွင် သွားပြသည်။ သူ၏သွေးချိုးအဆင့်မှာ ၆၃၈ ရှိပြီး ၄င်းမှာ အလွန်ကြောက်စရာကောင်းသည့် အနေအထားကို ရောက်နေပြီးဖြစ်ကြောင်း သိရလေသည်။ သူ့အား ဒေါက်တာ H.B Chandalia ထံတွင် ချက်ချင်းသွားပြရန်န်ညွန်ကြားလိုက်သည်။ ဒေါက်တာChandalia က ချက်ချင်းဆိုသလို ပရန်နေကို အင်ဆူလင်စတင်ထိုးပေးပြီး ဆီးချိုကြောင့် coma သတိမေ့မှုများဖြစ်လာခဲ့လျှင် ဟူသော သဘောဖြင့်စောင့်ကြည့် စစ်ဆေးရန် ဆေးရုံတက်ခိုင်းလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ပရန်နေး၏ သွေးချို အဆင့်မှာ ရက်အနည်းငယ်အတွင်း မြင့်တက်မလာဘဲ ပုံမှန်အနေအထားဖြစ်သွားသည်။ သူ့ကိုဆေးရုံမှ ဆင်းခိုင်းပြီး ဒေါက်တာ Chandalia က သူ့အား အစားအသောက် ရှောင်ကြည်ဖို့၊ ဆေးဝါးများမှန်မှန်သောက်ဖို့ မှာလိုက်သည်။ အခုအခါ ပရန်နေး၏ ကိုယ်အလေးချိန်မှာ ၈၅ ကီလိုသို့ ကျသွားသည်။ သူသည် ဆေးသောက်ခြင်းကို ဖြတ်လိုက်သည်။ အကြောင်းမှာ သူ၏သွေးချိုမှာ နောက်ဆုံး မှတ်တမ်းအရ ၁၀၂ ရှိပြီး အစားအသောက်ကို ရှောင်ကြည်ကာ၊ လေ့ကျင့်ခန်းများကို လုပ်ယင်း သွေးချိုခြင်းကို ကောင်းကောင်းမွန်မွန် ထိန်းနိုင်သွားသည်။ သူသည် တစ်နေ့ကို ရှစ်ကီလိုမီတာပြေးသည်၊ ထိုနောက် ကျန်းကျန်းမာမာဖြစ်သွားသည်။

အဆီများလွန်းခြင်းသည်လည်း အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ရန် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်သည်။ အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင်ခြင်းသည် စောစီးစွာ ရောဂါလက္ခဏာကို ပြဖို့ အထောက်အပံ့တစ်ခုဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးချိုမြင့်တက်ပြီး နောက်ပိုင်းတွင် ဆီးချိုရောဂါအမျိုးအစား (၂) ဖြစ်လာရန်အလားအလာကို ညွန်ပြတတ်သည်။

ဟီတယ်လ် မတ်သာသည် အသက် ၃၀ တွင် ကိုယ်ဝန်ဆောင်ရသောအခါ လုပ်နေကျဖြစ်သည့် သွေးစစ်ဆေးမှုက သူမ၏သွေးချိုမှာ မသိမသာမြင့်တတ်နေကြောင်း ပြသလေသည်။ ပိုဆိုးသည်မှာ သူမ၏ အဖေတွင် ဆီးချိုရှိခြင်းကြောင့် နောက်ပိုင်းတွင် သူမသည်လည်း ဆီးချိုရောဂါ ဖြစ်ရန်အလားအလာရှိကြောင်းကို သိထားခဲ့သည်။ သို့ရာတွင် သူမ၏ကလေးငယ် တစ်နှစ်ခွဲကျော်သည်အထိ သူမမှာ မည်သည့် ရောဂါလက္ခဏကိုမျှ ခံစားရခြင်းမရှိပါ။ ထို့နောက် သူမသည် အလွယ်တကူပင် မောပန်းလာသည်ကိုတွေ့ရလေသည်။

စမ်းသပ်စစ်ဆေးကြည့်သောအခါ ဟီတယ်လ်၏ သွေးချိုမှာ ၂၉၂ အထိမြင့်တက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ဆရာဝန်က သူမအား အချိုနှင့် အကျော်အလှော်အစားအစားများကို ရှောင်ရန် အကြံပြုလိုက်သည်။ ထို့အပြင် ဆေးများသောက်ရန်မှာကြားလိုက်သည်။ ဟီတယ်လ်၏ သွေးချိုမှာ ပြန်လည်ကျသွားပြီး သူမသည် ယခင်ထက်ပို၍နေကောင်းသွားသည်။

အကြောင်းမှ ဟီတယ်လ်သည် ရောဂါလက္ခဏာကို ပထမဆုံးတွေ့ရှိလိုက်သည်နှင့်ချက်ချင်း ဆရာဝန်ကို သွားပြနိုင်လိုက်သောကြောင့် သူမတွင် အမြင်အာရုံများ ဆုံးရှုံးမှုလည်း မရှိသလို ကိုယ်လက်အင်္ဂါဖြတ်တောက်ရခြင်းလည်းမရှိပါ။ သူမသည် ကံကောင်းသူတစ်ဦး ဖြစ်သွားခဲ့ပါသည်။ “သူတို့ရောဂါကို စစ်တမ်းထုတ်ကြည့်တဲ့အချိန်မှာ အနည်းဆုံး ဆီးချိုလူနာ ၃၀ ရာခိုင်နှုန်းလောက်ဟာ သူတို့မှာ ရှုပ်ထွေးတဲ့ပြဿနာတွေနဲ့ကြုံရပါတယ်၊ ဥပမာ သွေးတိုးတာ၊ ဆိုးရွားတဲ့ ရောဂါပိုးတွေဝင်တာ၊ ပြီးတော့ တစ်ရှုးတွေပျက်စီးသွားတာတွေဖြစ်ပါတယ်။ အဲဒါ အဓိပ္ပါယ်က ဘာပြောသလဲဆိုတော့ သူတို့ဟာ မိမိရဲ့ရောဂါလက္ခဏာကို စစ်ဆေးမကြည့်တာဟာ ၁၀ နှစ်ထက်မက ကြာပြီဆိုတာကို ဖေါ်ပြနေတဲ့သဘောပါ” ဟု ဒေါက်တာ Ramachandran ကပြောပါသည်။ “တုန့်ဆိုင်း တုန့်ဆိုင်းလုပ်မနေပါနဲ့၊ တကယ်လို့ ကိုယ့်မိသာစုထဲမှာ ဆီးချိုရောဂါဖြစ်သူတစ်ယောက်ယောက် ရှိလာခဲ့ယင်၊ ဒါမှမဟုတ် တစ်ခြားရောဂါတစ်ခုခု ဖြစ်မယ့်လက္ခဏာကိုတွေ့လာရတယ် ဆိုယင် ဆရာဝန်ဆီကို ချက်ချင်းသွားပြပါ” ဟုသူက သတိပေးပြောကြားပါသည်။

“တကယ်တော့ အသက် ၃၀ ကျော်လာယင် လူတိုင်းဟာ မိမိမှာဆီးချိုရောဂါရှိမရှိ ပုံမှန်စစ်ဆေးမှုကိုလုပ်သင့်ပါတယ်၊ ဆီးစစ်တာ သွားမလုပ်ပါနဲ့၊ အဲဒါ ဘာမှ မထိရောက်ဘူး၊ သွေးစစ်တာဟာ ဆီးကိုစစ်တာထက် အများကြီး တိကျပါတယ် “ဟု ဒေါက်တာ Sadikot ကပြောပါသည်။

ဆီးချိုရောဂါရှိသည့် လူနာတစ်ယောက်သည် ဆေးတစ်ကြိမ်စစ်ပြီးရောဂါရှိမှန်းသိရလျှင် ၄င်း၏လိုအပ်ချက်အလိုက် ဆီးထဲတွင် ပရိုတင်းဓာတ်ပါဝင်မှုနှုန်းကိုသိနိုင်ဖို့ရန်အတွက် ပုံမှန်စစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်။ ဆီးချိုရောဂါ အမျိုးအစား (၂) သည် လူနာလေးပုံတစ်ပုံအား ကျောက်ကပ်ပျက်စီးမှုကိုဖြစ်စေပါသည်။ သို့သော်လည်း သွေးပေါင်ချိန်ကောင်းသောပုဂ္ဂိုလ်၊ သွေးချိုကိုထိန်းနိုင်သောပုဂ္ဂိုလ်၊ ပရိုတင်းဓာတ်နည်းသောပုဂ္ဂိုလ်တို့မှာ ကျောက်ကပ်ရောဂါဖြစ်ပွားမှု နှောင့်နှေးတတ်ကြကြောင့်ကို တွေ့ရှိရပါသည်။

ဆီးချိုရောဂါ မဖြစ်အောင် သင့်ကိုသင် ဘယ်လိုကာကွယ်မှုမျိုးကို လုပ်နိုင်ပါသလဲ။ ကျန်းမာရေးနှင့် မညီသော အစားအသောက်များကို ရှောင်ပါ။ အဆီးနည်းသော အစားအစာ၊ သကြားနည်းသော အစားအစာ၊ ကစီဓာတ်ပါဝင်သော ဟင်းသီးဟင်းရွက်မျိုးစုံသည် ကျန်းမာရေးအတွက် အဓိက သော့ချက်ဖြစ်သော အစားအစားများဖြစ်ပါသည်ဟု ဒေါက်တာ Talwalkar ကဆိုပါသည်။ “အဲဒီတော့ သိပ်ပြင်းပြင်းထန်ထန် မဟုတ်တဲ့ ကာယလေ့ကျင့်ခန်းတစ်ခုကို ပုံမှန်လေ့ကျင့်ပါ၊ အစားအသာက်ကလဲ ဆင်ခြင်မယ်၊ လေ့ကျင့်ခန်းလဲ ပုံမှန်လုပ်ပေးမယ်ဆိုယင်တော့ ဆီးချိုရောဂါ အမျိုးအစား (၂) ကိုကာကွယ်နိုင်ပါတယ်” ဟု သူကဆိုပါသည်။

ပရာဖူးလ်ကူးမားသည် ၁၉၈၂ ခုနှစ်၊ သူ၏အသက် ၆၃နှစ်တွင် ကျန်းမာရေးစစ်ဆေးကြည့်သောအခါ သူတွင်ဆီးချိုရောဂါဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြဘဲ ဤကဲ့သို့ ဆီးချိုရောဂါဖြစ်နေမှန်း သိလိုက်ရသောအခါ အတော်ပင် အံ့အားသင့်သွားသည်။ ထို့အပြင် သူ၏မိဘများနှင့် သူ၏မွေးချင်းများတွင်လည်း ဆီးချိုရောဂါမရှိကြ။ သို့သော်လည်း ဘဏ်ငွေးကြေးဆိုင်ရာ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ကူးမားသည် အမြဲတမ်း စည်းနှင့် ကမ်းနှင့်နေထိုင်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် မနက်တိုင်း ၄၅ မိနစ်ခန့် ခပ်သွက်သွက်လမ်းလျောက်သည်။ ထိုနောက် တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်သည်။ သူသည် အစားအသောက်ကို များများမစားဘဲ အသင့်အတင့်သာစားသည်။ ထို့အပြင် အဆီများသောအစားအစာနှင့် အချိုကိုရှောင်သည်။ ပြီးလျှင် သူသည် ဆေးသောက်ရန်မည်သည့်အခါမျှ ပျက်သည်ဟူ၍မရှိ။ “စည်းကမ်းတကျ လိုက်နာနေထိုင်တဲ့အတွက်ကြောင့် ကျွန်တော်ရဲ့ သွေးချိုဟာပုံမှန်ပါပဲ၊ နေလို့လဲ ကောင်းပါတယ်၊ ဆီးချိုရောဂါကို ထိန်းထားနိုင်တယ်ဆိုတာ ကျွန်တော်သက်သေပြနိုင်ပါတယ် “ဟုသူကပြောပါသည်။

တကယ်တော့ ဆီးချိုရောဂါကြောင်း ကျန်းမာရေးဆုံးရှုံးသွားစရာ အကြောင်းမရှိပါ။ ရောဂါကို စောစီးစွာ စစ်တမ်းထုတ်ကြည့်ပြီး၊ ဘ၀နေထိုင်မှုပုံစံကို မျှမျှတတနှင့်ရိုးရိုးသားနေထိုင်ကာ လိုအပ်လျှင် ဆေးများသောက်ပေးခြင်းဖြင့် ဆီးချိုရောဂါသည်များသည် တစ်ခြားပုဂ္ဂိုလ်များ အသက်တမ်းရှည်ရှည် နေနိုင်သကဲ့သို့ နေနိုင်ကြောင်း လုံးဝမျှော်လင့်ချက်ထားနိုင်ပါသည်။

၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ၊ Reader’s Digest မှ SANDHYA SRINIVASAN ၏ Are You a Diabetic ကို ပြန်ဆိုပါသည်။ ၁၉၊ ၇၊ ၂၀၁၃။
ဦးအာလောက (Research Scholar, Sanskrit University, Varanasi)