ဦးစိုးနိုင်အောင် အိမ်ပြန်

ဦးစိုးနိုင်အောင် (ကမ္ဘောဇအုပ်စု ကုမ္ပဏီ လီမိတက်၊ အင်ဂျင်နီယာဌာန၊ အတိုင်ပင်ခံ အင်ဂျင်နီယာ)၊ (ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဗိသုကာဌာန၊ အချိန်ပိုင်း ပါမောက္ခ) နှင့် ပါရမီဖြည့်ဖက် ဒေါ်သင်းသင်းခိုင် သမီးလေး မအေးမြမြသင်းအောင် မိသားစုသည် ဗုဒ္ဓဓမ္မ၌ သက်ဝင်ခိုင်ကြည်သော သဒ္ဓါတရားဖြင့် မဇ္ဈိမဒေသတွင် သာသနာတော် အရှည်တည် တိုးတက်စေရန် ရည်သန်မြော်မြင်လျှက် အောက်ပါအတိုင်း ထာဝရကုသိုလ်အစုစုတို့ကို ပြုလုပ်ခဲ့ကြပါသည်။

(၁) အမေရိကန် ဒေါ်လာ ၇ -ထောင်နှင့် အိန္ဒိယရူပီး ၁ – သိန်းတန် န၀ကမ္မ၀တ္ထုတို့ကို ဗောဓိရုက္ခမူလ ငါးထပ်ကျောင်း ဆောက်လုပ်ရေး (ဒေါက်တာ နန္ဒောဘာသ ဦးစီးတည်ဆောက်နေသည့် ဗုဒ္ဓဂယာ မြေမြတ်မဟာရှိ မဟာဗောဓိ မြန်မာကျောင်းတိုက်) အတွက်လည်းကောင်း၊

(၂) အိန္ဒိယရူပီးငွေ ၁ – သိန်းတန် န၀ကမ္မ၀တ္ထုကို ကာလကတ္တားမြို့၊ ဗောဓိသုခ ပရဟိတကျောင်းတိုက်၊ ထာဝရ ဆွမ်းပဒေသာပင် အတွက်လည်းကောင်း၊

(၃) အိန္ဒိယရူပီး ၅ -သောင်းတန် န၀ကမ္မ၀တ္ထုကို ဗောဓိသုခပရဟိတဆရာတော်၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းလေးပါး အတွက်လည်းကောင်း၊

(၄) အိန္ဒိယရူပီးငွေ ၉ -သောင်းတန် န၀ကမ္မ၀တ္ထုတို့ကို ကာလကတ္တား၊ ဗောဓိသုခပရဟိတကျောင်းတိုက် ၀ါဆိုသံဃာတော် အသျှင်မြတ်ကိုးပါးတို့အား ပစ္စည်းလေးပါးအတွက် တစ်ပါး တစ်သောင်းကျပ်စီကိုလည်းကောင်း သဒ္ဓါတတ်အားသရွေ့ လှူဒါန်းခဲ့ပါသည်။

မှတ်ချက်။   ။ ဦးစိုးနိုင်အောင်မှာ နှစ်ရှည်ဆီးချိုဝေဒနာမှတဆင့်တက်၍ ကျောက်ကပ်ပျက်စီးခဲ့ရသူ ဝေဒနာရှင်တစ်ဦးဖြစ်သည်။ ကာလကတ္တားမြို့ အပိုလိုဆေးရုံကြီးတွင် (၂၂ – ၈ – ၂၀၁၅) နေ့က ကျောက်ကပ်အစားထိုး ကုသခံယူခဲ့ရပြီး၊ ယနေ့ (၁၄-၉ -၂၀၁၅) တွင် အောင်မြင်ပျော်ရွှင်စွာဖြင့် အိမ်ပြန်နိုင်ခဲ့ပါပြီ။ ဦးစိုးနိုင်အောင်ကဲ့သို့ အဖက်ဖက်က ပြည့်စုံသူတစ်ဦး ဖြစ်ပါလျှက် ကျောက်ကပ်ဝေဒနာ ခံစားခဲ့ရခြင်း၏ အဓိက အကြောင်းတရားမှာ ဆီးချိုရောဂါပင်ဖြစ်သည်။ ဆီးချိုကို  ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးထိမ်းချုပ်နိုင်ရေးအတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုအဖြစ် ယနေ့နောက်ဆုံးပေါ် ကုထုံတစ်ခုအနေဖြင့် ကျွမ်းကျင်သူဆရာဝန်များ မှာကြားပြောဆိုနေကြသည့်နည်းလမ်းမှာ မနက်စောစော လမ်းလျှောက်ထွက်ခြင်းဖြစ်ကြောင်း အားလုံး အသိပေး၊ အလှူကို သာဓုခေါ်နိုင်ကြရန် အမျှဝေလိုက်ပါသည်။

ဦးစိုးနိုင်အောင်နှင့် ပါရမီဖြည့်ဖက် ဒေါ်သင်းသင်းခိုင်၊ သမီးလေး မအေးမြမြသင်းအောင်တို့ မိသားစု ထာဝရကျန်းမာ ပျော်ရွှင်သော ဘ၀ဖြင့် နိဗ္ဗာန်တိုင်အောင် ပေါက်ရောက်နိုင်ကြပါစေ။

မေတ္တာဖြင့်-
ဆရာတော်