ဗုဒ္ဓဂယာ၌ ဘုရားဖူးယင်း တရားဘာဝနာပွားများမည့်သူ များပြားလာဖွယ်ရှိ

ဗုဒ္ဓဂယာမြေမြတ်မဟာသည် သမ္မာသမ္ဗောဓိ ဆုပန်ဘုရားရှင်းတိုင်း၏ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်၍ ဘုရားအဖြစ်သို့ ရောက်စမြဲဖြစ်သည့် ထူးကဲမြင့်မြတ်သော နေရာဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဤနေရာကို အထွက်အမြတ်ထာသည့်အလျောက် ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်တိုင်းသည်လည်း ဤဗုဒ္ဓဂယာနေရာတော်မြတ်နှင့် သံဝေဇနိယ(၄)ဌာနတို့အား မိမိတို့တတ်နိုင်သည့် အချိန်၌ တစ်သက်တွင် တစ်ကြိမ်ဆိုသလို လာရောက်ပြီး ဖူးမျှော်လေ့ရှိကြပါသည်။ တစ်ချို့သော ပုဂ္ဂိုလ်များမှာ တစ်ကြိမ်တစ်ခါသာမကဘဲ အကြိမ်များစွာ တစ်နှစ် တစ်ကြိမ်စီ ပုံမှန်လာရောက်ဖူးမျှော်ကြသည်ကိုလည်းတွေ့မြင်ရပါသည်။ အခုအခါမှာ ဘုရားဖူးခရီးသည်များမှာ ဤဗုဒ္ဓဂယာ၌ ဘုရားဖူးရုံသာမကတော့ဘဲ ဤထူးကဲမြင့်မြတ်သည့်နေရာသို့ မိမိတို့ ရောက်တုန်းရောက်ခိုက်အချိန်ကလေးတွင် ဒုလ္လဘ၀ ရဟန်းခံခြင်း၊ သီလရှင်ဝတ်ခြင်းများအပြင် တရားဘာဝနာပွားများအားထုတ်မှုကိုပါ တစိုက်မက်မက်ပြုလုပ်လာကြသည်ကို တွေ့မြင်လာရပါသည်။ ရှေးအခါက ဘုရားဖူးခရီးသည်များသည် ဤဗုဒ္ဓဂယာ၌ တရားဘာဝနာပွားများမှုကို ပြုလုပ်ကြသော်လည်း စနစ်တကျ တရားများကို ဟောပြောပြသသည့် ကမ္မဋ္ဌာနဆရာတော်များမရှိဘဲ မိမိတို့တစ်ကိုယ်ရေ တစ်ကာယအနေအားဖြင့်သာ တရားအားထုတ်မှုကို ပြုလုပ်ခဲ့ခြင်းသာဖြစ်ပါသည်။ ယခုအခါတွင်ကား ဗုဒ္ဓဂယာဧရိယာဝန်းကျင်၌ ကျောင်းတိုက်ပေါင်းများစွာပေါ်ထွန်းလာသည့်နည်းတူ ထိုကျောင်းတိုက်အသီးသီး၌ ဘုရားဖူးခရီးသည်များကို ဘုရားဖူးကုသိုလ်အပြင် တရားအားထုတ်ခြင်း ဘာဝနာကုသိုလ်များကို ပွားများနိုင်စေရန် ကမ္မဋ္ဌာန ဆရာတော်ကြီးများကို ပင့်ဖိတ်လျက် (၄)ရက်၊ (၇)ရက် စသည်ဖြင့် အချိန်ပြည့် တရားစခန်းအသီးသီး ဖွင့်လှစ်လာကြသည်ကို တွေ့မြင်ရပါသည်။

Meditation2webလွန်ခဲ့သည့်နှစ်က ဒေါ်မေသူမောင် ဦးဆောင်သော မေသူမောင် ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့မှ ကမကထပြုလျက် အောင်ဆန်းတောရ ဆရာတော်အား ကမ္မဋ္ဌာနာစရိယအဖြစ်ပင့်ဖိတ်က မဟာအောင်မြေကျောင်းတိုက်တွင်( ၁၂-၁၀-၁၃ နေ့မှ ၁၈-၁၀-၁၃ နေ့ထိ) (၇) ရက်အချိန်ပြည့်တရားစခန်းကို ပြုလုပ်ခဲ့ပါသည်။ ဘုရားဖူးခရီးသည်များကို ဘုရားဖူးကုသိုလ်အပြင် တရားဘာဝနာပွားများခြင်းကိုသိုလ်ကို ပြုလုပ်ပေးလိုက်သည့်အတွက် ဘုရားဖူးခရီးသည်များအနေဖြင့် ထူးကဲသောကုသိုလ်များကိုရရှိစေပြီး ပို၍အကျိုးကျေးဇူးများစေကြောင်း မဟာအောင်မြေကျောင်း ဆရာတော် ဒေါက်တာ ဦးသုပိယမှ မိန့်ကြားပါသည်။ ယခုနှစ်တွင်လည်း ဒေါ်မေသူမောင် ဦးဆောင်သည့် မေသူမောင် ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့မှ ကမကထပြုကာ အောင်ဆန်းတောရ ဆရာတော်ကြီးကိုပင် ကမ္မဋ္ဌာနာစရိယအဖြစ်ပင့်ဖိတ်ပြီး မဟာအောင်မြေ ကျောင်းတိုက်တွင် ၂၈-၉ -၁၄ နေ့မှ ၄-၁၀-၁၄ နေ့ထိ (၇) ရက်အချိန်ပြည့် တရားစခန်းကို ပြုလုပ်လျက်ရှိသည်ဟုသိရပါသည်။ တရားစခန်းတွင် ယောဂီများသည် မနက်စောစောအချိန်ကို ကျောင်းတိုက်အတွင်းတွင် ထိုင်ရပြီး၊ မနက် ၈ နာရီမှ ၁၀ နာရီအချိန်ကို မဟာဗောဓိစေတီရင်း၌ ထိုင်ရပါသည်။ နေ့လည်ပိုင်း ၂ နာရီမှ ညနေ ၅ နာရီအချိန်တွင်လည်း မဟာဗောဓိစေတော်ရှိ မဟာဗောဓိပင်အောက်၌ပင် ထိုင်ရပါသည်။ ယင်းမှ တစ်ထောက်နားပြီး ညနေပိုင်း ၆.၃၀  နာရီမှ ၉ နာရီအချိန်များကိုမူ ကျောင်းတိုက်အတွင်း၌ အားထုတ်စေပါသည်။ ကမ္မဋ္ဌာနဆရာတော်က ကျောင်းတိုက်အတွင်းအားထုတ်သည့် ထိုညနေပိုင်းအချိန်၌ တရားဟောခြင်း၊ တရားစစ်ခြင်းများကို ပြုလုပ်ပေးပါသည်။ ဘုရားဖူးရောက်ခိုက် ဤမြေမြတ်မဟာ၌ ဗုဒ္ဓဒဿန ဘုရားဖူးကုသိုလ်အပြင် မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ဆိုက်ရောက်နိုင်သည့် ဘာဝနာမယ ကုသိုလ်များကိုပါ ပွားများဆည်းပူးရသဖြင့်  ဘုရားဖူးခရီးသည်အနေဖြင့် အလွန်တရာ ၀မ်းမြောက်စရာ ကုသိုလ်ထူးကြီးပင်ဖြစ်ပါသည်။

Meditation3webဘုရားဖူးခရီးသည်များ၊ တရားဘာဝနာပွားများလိုသော ပုဂ္ဂိုလ်များအတွက် အလားတူ နောက်ထပ် ၀မ်းမြောက်စရာ သတင်းတစ်ခုမှာ ဆောက်လုပ်နေဆဲဖြစ်သော မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်ကြီးတွင်လည်း ရွှေမဟာ ဗုဒ္ဓဂဟာ ဘုရားဖူးအဖွဲ့မှ ကမကထပြုလျက် မြကျောက်ဆရာတော်ဘုရားအား ကမ္မဋ္ဌာနာစရိယအဖြစ်ပင့်ဖိတ်ကာ(၁၁-၁၀-၁၄ နေ့မှ ၁၇-၁၀-၁၄) နေ့ထိ (၇) ရက်အချိန်ပြည့် တရားစခန်းတစ်ခုကို ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။ ဤ (၇) ရက်တရားစခန်းပြီးလျှင် နောက်ထပ်တစ်ကြိမ် (၄)ရက်အချိန်ပြည့် တရားစခန်းကိုပါ ရွှေမဟာ ဗုဒ္ဓဂဟာ ဘုရားဖူးအဖွဲ့မှပင် ဦးဆောင်လျက် မြောက်ဦးဆရာတော်အား ကမ္မဋ္ဌာနာစရိယအဖြစ်ပင့်ဖိတ်ကာ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ဖွင့်လှစ်ပေးမည်ဟူသော သတင်းပင်ဖြစ်ပါသည်။

Mya-Kyauk-webမြောက်ဦးဆရာတော်ဦးစီးသော (၄) ရက်အချိန်ပြည့် တရားစခန်း၌ တရားအားထုတ်မည့် ယောဂီများ အနည်းဆုံး ၁၂၀ ခန့်ပါဝင်မည်ဟုသိရပါသည်။  ယောဂီအပေါင်း ၁၂၀ ခန့် တရားအားထုတ်ခြင်း၊ ဘုရားဖူးခြင်းစသော ကုသိုလ်များကို ပွားများရယူကြသည့်အဖြစ်ကိုမြင်တွေ့ရသော ဤ မဟာဗောဓိပရဟိတ မြန်မာကျောင်းနှင့်ပတ်သက်၍ ကျောင်းတိုက်ဖြစ်ပေါ်လာရေးအတွက် အဖက်ဖက်မှ ကူညီပေးကြသည့် အလှူငွေ လက်ခံပေးရာ ဌာနများ၊ သာသနာ့မြေအလှူရှင်များ၊ ကျောင်းဒါနအလှူရှင်များ၊ အခန်းလိုက်အလှူရှင်များအနေဖြင့်လည်း ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ဆိုရမည့် ကုသိုလ်ပင်ဖြစ်ကြောင်း မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက် ဆရာတော် ဒေါက်တာနန္ဒောဘာသမှ မိန့်ကြားပါသည်။ ဘုရားဖူးခရီးသည်များ၊ ယောဂီများအနေဖြင့် တရားဘာဝနာပွားများခြင်း၊ ဘုရားဖူးခြင်းကုသိုလ်များကို ဤဗုဒ္ဓဂယာမြေမြတ်မဟာ၌ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ပွားများအားထုတ်နိုင်ကြသဖြင့် မိမိတို၏ ပါရမီကုသိုလ်များကို သာသနာတော်နှင့် ကြုံကြိုက်သည့် ဒုလ္လဘအဖြစ်၌ အမှန်တကယ်ပွားများရယူလိုက်ရမည့် အချိန်အခါကောင်းဖြစ်ပါသည်။

နောင်လာမည့် ဘုရားဖူးရာသီများတွင်လည်း ယခုကဲ့သို့ ဘုရားဖူးခရီးသည်များအား ဘုရားဖူးကုသိုလ်အပြင် တရားဘာဝနာပွားများနိုင်မည့် ကုသိုလ်များကိုပါ ပြုလုပ်နိုင်ကြမည်ဖြစ်ရာ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာကြယင်း တရားဘာဝနာ ပွားများလိုသူများ ပို၍ပို၍ များပြားလာနိုင်ကြောင်းသိရှိရပါသည်။

ဦးအာလောက
Research Scholar,
Sanskrit University,
Varanasi.