ဘုရားဖူးရာသီ တရားစခန်းပွဲများ

ဘုရားဖူးရင်း လိပ်ဥလည်း တူးလိုသူများအတွက် ဗုဒ္ဓဂယာ မဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်၏
(ဘုရားဖူးရာသီ) တရားစခန်းပွဲများ

(ယခု ပို့စ်ကို မြေမြတ်မဟာ ဗုဒ္ဓဂယာနှင့် တခြားမဇ္ဈိမဒေသရေး စာအုပ်များဖြင့် နာမည်ရနေသည့် စာရေးဆရာ မဟောသဓာ (မာဂဓတက္ကသိုလ်) မှ ရေးသားချီးမြှင့်ပါသည်။ မြေမြတ်မဟာ နေရာတော်၏ ထူးမြတ်ပုံ၊ မိမိတို့ကျောင်းတိုက်၏ ဓမ္မရေးဆိုင်ရာ ပြုလုပ်ပြီး တရားစခန်းများနှင့်၊ နောင်တွင် အစဉ်သဖြင့် ပြုလုပ်သွားမည့် တရားရှာဖွေရေး ကဏ္ဍသုံးရပ်ကို အပိုလိုမရှိ ထိမိစွာ တင်ပြနိုင်သည့်အတွက် ၄င်းအား အထူးကျေးဇူးတင်စွာဖြင့် ဖော်ပြလိုက်ပါသည်။ (ဒေါက်တာ နန္ဒောဘာသ၊ ပဓာန နာယက ဆရာတော်)

ဗုဒ္ဓဂယာသည် ဘုရားအဆူဆူတို့ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိတော်မူကာ လောကသုံးပါးတို၏ အတုမဲ့ထွဋ်ထား သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူကြသည့် နေရာဌာန ဖြစ်ပေသည်။   ပွင့်တော်မူကုန်ပြီးသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရာရှင်တို့သည် ဗုဒ္ဓယာ မဟာဗောဓိစေတီတော် တည်ရှိသည့် နေရာ၌ပင် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြသည်။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ ဘရားရှင်သည်လည်း ဤဗုဒ္ဓယာ မဟာဗောဓိစေတီတော် နေရာ၌ပင် ဗောဓိကန့်ကော်ပင် ပေါက်ရောက်ကာ၊ ထိုဗောဓိကန့်ကော်ပင်ရင်း ပတ္တမြားပလ္လင်ပေါ်တွင် သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိတော်မူပြီး လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူဦးမည် ဖြစ်သည်။   သို့ဖြစ်၍ ဗုဒ္ဓဂယာသည် မြေတကာတို့၏ အထွဋ်အမြတ် သီသ ပုထုဝိပုက္ခလ ဘူမိနက်သန် အစစ်အမှန် နေရာဌာနဖြစ်ပြီး၊ ဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူတော်မူရာဌာန ဖြစ်သလို ကိလေသာတို့ကို ဝါသနာတော်နှင့်တကွ အငွေ့အသက်ပါ မကျန်အောင် အမြစ်ပြတ် ပယ်သတ်တော်မူသည့် နေရာဌာနလည်းဖြစ်ပေသည်။ သံဝေဇနိယ၊ အဝိဇဟိတ နှစ်ခုလုံးတွင် ပါဝင်သော မြေမြတ်မဟာ ဗုဒ္ဓဂယာသည် ဤကမ္ဘာမြေကြီး စတင်တည်လာခဲ့စဉ်က ရှေးဦးစွာ တည်လာခဲ့ပြီး ဤကမ္ဘာမြေကြီး ပျက်စီးသည့် အချိန်တွင်လည်း နောက်ဆုံးသာ ပျက်စီးမည်ဖြစ်သည်။

ထိုမြေမြတ်မဟာ ဗုဒ္ဓဂယာ၌ တည်ဆောက်ထားသောဆရာတော် ဘဒ္ဒန္တ ဒေါက်တာ နန္ဒောဘာသ၏ မဟာဗောဓိ ပရဟိတ မြန်မာကျောင်းတိုက်ကြီးတွင် ကမ္ဘာ့သာသနာပြု၊ ကမ္ဘာကျော် ဓမ္မကထိက၊ သီတဂူ ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဥာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ)အား အထူးတလည် ပင့်ဖိတ်၍ တရားပွဲ (၄) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

Myakyauk-sayadawwebထိုအပြင် (၂၀၁၅) ခုနှစ်၊ (၁၁၊ ၁၀၊ ၂၀၁၄) မှ (၁၇ – ၁၀ -၂၀၁၄) နေ့အထိ မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ ရန်ကင်းတောင်ခြေ၊ အတုလမဟာ မြကျောက်ဆရာတော်၏ ခန္ဓာဥာဏ်ရောက် ၀ိပဿနာအလုပ်ပေး တရားစခန်းကို၎င်း၊ ရွှေမဟာ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ မှ ဦးဆောင်လျက် ၀န၀ါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ၏ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ (၄) ရက်တိုင်တိုင် အချိန်ပြည့် အပါယ်တံခါးပိတ် ၀ိပဿနာအလုပ်ပေး အထူး တရားစခန်းကို၎င်း နှစ်ကြိမ်တိုင်တိုင် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။   ယခုနှစ်(၂၀၁၆)တွင်လည်း အမေရိကန်နိုင်ငံမှ နိုင်ငံခြားသား ဘုရားဖူးသူတော်စင်(၂၈)ဦးတို့ ဤမဟာဗောဓိ ပရဟိတ မြန်မာကျောင်းတိုက်ကြီး၌ပင် (၄-၂-၂၀၁၆) နေ့မှ (၉-၂-၂၀၁၆ ) နေ့ထိ (၅) ရက်တိုင်တိုင် ဝိပဿနာဓမ္မတို့ဖြင့် မွေ့ပျော်နေထိုင်ခဲ့ကြပြီးဖြစ်သည်။   သူတော်ချင်းချင်း သတင်းလွေ့ လွေ့  ဆိုသလို မဇ္ဈိမဒေသ ဘုရားလည်းဖူးရင်း မဟာဗောဓိ ပရဟိတ ကျောင်းတိုက်တွင် ဝိပဿနာ ဓမ္မဖြင့်လည်း မွေ့ ပျော်နိုင်ကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားသိကြရ၍ မဇ္ဈိမတံခွန် ဘုရားဖူးအဖွဲ့ကလည်း သစ္စာဒီပ ၀ိပဿနာ အဖွဲ့ချုပ်မှ ဆရာတော် ဘဒ္ဒန္တ ဦးဇောတိကကို ပင့်ဖိတ်၍ (၁၆-၃-၁၆)နေ့မှ(၂၁-၃-၁၆)နေ့ထိ ယောဂီသူတော်စင် (၃၀) ဦးတိုဖြင့် ဤမဟာဗောဓိ ပရဟိတ ကျောင်းတိုက်၌ ( ၅)ရက်တိုင်တိုင် တရားစခန်း ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထို့အပြင် ခင်နန္ဒာ ဘုရားဖူးအဖွဲ့ကလည်း မိုးကုတ် ၀ိပဿနာ အဖွဲ့ချုပ်ကြီး၏ ကမ္မဌာနာစရိယ၊ အရှင်တေဇောဘာသ (ဆင်ပေါင်ဝဲ) မထေရ်မြတ်အား ပင့်ဖိတ်ကာ ၂၂-၃-၂၀၁၆ နေ့မှ ၂၆-၃-၂၀၁၆ နေ့ထိ ယောဂီ သူတော်စင် (၃၅) ဦးတို့ဖြင့် (၅) ရက် တိုင်တိုင် ဗုဒ္ဓဂယာ မဟာမြေမြတ်မှာ တရားစခန်းများ ဖွင့်လှစ်သွားဦးမည် ဖြစ်ပါသည်။

Myakoo-sayadawwebမဟာဗောဓိ ပရဟိတ ဆရာတော် ဘဒ္ဒန္တ ဒေါက်တာနန္ဒောဘာသ၏ မိန့်ကြားချက်အရ ယခု ဆောင်လုပ်နေဆဲ (၅)ထပ်ကျောင်းဆောင်ကြီး ပြီစီးသည့်အခါ နှစ်စဉ်နှစ်တိုင်း တရားပွဲများ ဝိပဿနာတရား စခန်းပွဲများ စဉ်ဆက်မပြတ် ဖွင့်လှစ်သွားမည်ဖြစ်ကြေားင်း သိရှိရသည်။

လောလောဆည်တွင် မဟာဗောဓိ ပရဟိတ ပရိဝုဏ်ထဲတွင်ဆောက်လုပ်ပြီးခါစ မဟာသဒ္ဓမ္မဇောတိကာ သိမ်တော် (ဓမ္မာရုံ) သည် တရားရှာလိုသူ မည်သူ့အတွက်မဆို အသံဗလံစသည့် အနှောင့်အယှက် ပလိဗောဓိရန်ဝေး၍၊ ငြိမ်းအေး သက်သာစွာ အားထုတ်ခွင့်ရနေသည့် ဓမ္မသာလာအဖြစ် အလုပ်ဖြစ်နေပြီးဖြစ်ပါသည်။

ဗုဒ္ဓဂယာ မဟာဗောဓိ ပရဟိတမြန်မာကျောင်းတိုက်ကြီးသည် ဘုရားဖူးရာသီကာလ ဘုရားဖူး သူတော်စင်များ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် မှီတင်းတည်းခိုနိုင်သည့် ကျောင်းတိုက်ကြီးတစ်တိုက် ဖြစ်သလို၊ ဘုရားအဆူဆူတို့ ပွင့်တော်မူရာ မြေမြတ်မဟာ ဗုဒ္ဓဂယာ ဝိပဿနာဓမ္မဖြင့် မွေ့ပျော်လိုသူ ဓမ္မမှီယှဉ် ယောဂီသူတော်စင်တို့ ကွန်းခိုရာ ဓမ္မဗိမာန်တော်ကြီး တစ်ခုလည်း ဖြစ်လာတော့မည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် အသိပေး တင်ပြအပ်ပါသည်။