မဟာဗောဓိ ပရဟိတကျောင်းတိုက် (ဗုဒ္ဓဂယာ) ၌ ဗီယက်နမ်လူမျိုး နာမည်ကျော် ရုပ်ရှင်မင်းသား- ဒါရိုက်တာတစ်ဦး ထေရ၀ါဒီရဟန်းအဖြစ် ခံယူလိုက်ခြင်း

ယခုနှစ် ဗုဒ္ဓဂယာမှာ ဘုရားဖူးရာသီကုန်ဆုံးခါနီးဖြစ်လာသည့်တိုင် ဘုရားဖူးနှင့် ခရီးသည်တို့ဖြင့် ဝေစည်နေဆဲ၊ ပြည်တွင်း ပြည်ပမှ လူတွေ ခြေချင်းလိမ်နေကြဆဲ တွေ့ရသည်။ ဗုဒ္ဓဘာသာတို့၏ ဘုရားဖူးဓလေ့မှာ ယနေ့ယခုမှ ပေါ်ပေါက်လာခြင်းမဟုတ်သလို၊ သမိုင်းတခေတ်တွင် စတင်ခဲ့ခြင်းလည်း မဟုတ်ချေ။ စင်စစ် ဘုရားဖူးဓလေ့သည် ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကတည်းက စခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သက်တော်ထင်ရှား ဘုရားရှင့်ရှေးတော်မှောက်သို့ ဘုရားဖူးလာရောက်သူများမှာ အကြောင်းအမျိုးမျိုးနှင့်ဖြစ်ကြ၏။ တချို့ က ၀ါမဆိုမီလေးတွင် ၀ါတွင်းအားထုတ်ရန်အတွက် မိမိနှင့်သင့်တော်မည့် ကမ္မဋ္ဌာန်းကို ဘုရားရှင်ထံမှ တောင်းခံရန်ဖြစ်သည်။ တချို့ က ၀ါလကင်းလွတ်သီတင်းကျွတ်တွင် မိမိတို့ ဖြတ်သန်းခဲ့ရသော ၀ါတွင်းကာလ တရားအားထုတ်မှုအခြေနေနှင့် လက်ငင်းအခက်အခဲကို လျှောက်တင်ရန်ဖြစ်သည်။ တရားထူးရခဲ့ပြီးသူများက နိဗ္ဗာနသုခ..၀ိမုတ္တိရသနှင့် ပတ်သက်၍ မိမိတို့ သိမြင်ခံစားရပုံကို လျှောက်ကြသည်။ တချို့က ယနေ့အထိ တရားထူးမရနိုင်ခြင်း၏ အကြောင်းတရားကို မေးကြသည်။ တချို့မှာ ဘာမှအထွေအထူးလျှောက်စရာမရှိ၊ သာမန်ဘုရားဖူးတွေပဲဖြစ်ကြသည်။

ဘုရားရှင် မဟာပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်တွင် လာရောက်သည့် ဘုရားဖူးများမှာ မဟာပရိနိဗ္ဗာနသုတ်တွင် ဘုရားရှင်ကိုယ်တော်တိုင် မိန့်မှာခဲ့သည့် ဗျာဒိတ်တော်အတိုင်း ဘုရားနှင့်ပတ်သက်သည့် နေရာတော် တစ်ခုစီအတွက် သံဝေဂယူနိုင်ရန်ဖြစ်သည်။ ထင်ရှားသည့် ဘုရားဖူးသမိုင်းဝင် မှတ်တမ်းများပြုစုခဲ့သူတစ်ချို့လည်း ရှိသည်။ ယင်းတို့အနက် ဘုရင်ထဲမှ အသောကသည်အထင်ရှားဆုံးဖြစ်သည်။ ရဟန်းတော်များထဲမှ ဆိုလျှင် တရုတ်ရဟန်းတော် ဖာဟိယန်နှင့် ဟူယန်ဆင်တို့ ဖြစ်၍၊ လူထဲမှ ဆိုလျှင် အနာဂါရိက ဓမ္မပါလနှင့် ယင်းမတိုင်မီက လာရောက်ကြသည့် မရေတွက်နိုင်သော ပုဂ္ဂိုလ်များအား မှတ်တမ်းတင်ရပါလိမ့်မည်။

Mettanwewebဤ၌ ခရီးသည်နှင့် ဘုရားဖူးမတူညီပုံကို သတိချပ်မိကြပြီးဖြစ်ပါလိမ့်မည်။ မိမိစဉ်းစားမိသလောက် မတူညီပုံလေးကို တင်ပြပါရစေ။

  • သာမန်အပျော်တမ်း ခရီးသည်တစ်ဦးဆိုလျှင်၊ ထိုသူသည် ဗုဒ္ဓဘာသာဖြစ်သည့်တိုင် ဦးချရှိခိုးပြီး၊ လှည့်လည်ကြည့်ရှုခဲ့ရုံသာဖြစ်ပါလိမ့်မည်။ ဘုရားဖူးအစစ်တစ်ဦးကား ‘သည်နေရာမှာဖြင့် ဘုရားရှင် ပွင့်တော်မူခဲ့ပါလား၊’ ‘သည်နေရာမှာဖြင့် ဓမ္မစကြာတရားဦး ဟောတော်မူခဲ့တာပဲ။’ ‘သည်နေရာမှာတော့ဖြင့် ဘုရားရှင် ပရိနိဗ္ဗာန် စံခဲ့ရပါလား’ ဟူ၍ ဓမ္မသံဝေဂ ယူသည်။ ရင်သပ်ရှုမော ခံစားကြည်နူးဖြစ်သည်။
  • သာမန်အပျော်တမ်း ခရီးသည်တစ်ဦးအနေဖြင့်ကား သာသနာတော်ရှေးရေး ကျားကန်ပေးသလို လှူဒါန်းခြင်း၊ မိမိကိုယ်တိုင် သာသနာ့ဘောင် ၀င်ရောက်၍၊ သာသနာဝင်ခံယူမည်မဟုတ်ပေ။ တကယ့် ဘုရားဖူးဆိုသူမျိုကမှ လှူဖြစ်သမျှ သာသနာ့ရှေးရေး၊ ကျင့်ဖြစ်လျှင်လည်း (ဘုရားအဆုံးအမ) သာသနာကိုယ်မှာတည်ရေးဖြစ်နိုင်ပါသည်။

ယခုလည်းကြည့်ပါ – မင်းသား Nguyen Hieu မှာ သည်ကို လာခဲ့စဉ်က ထေရ၀ါဒီ ဗုဒ္ဓဘာသာတစ်ဦးမဟုတ်ခဲ့ပါ။ သို့တိုင်  သူကား ဘုရားဖူးရင်း လိပ်ဥလည်း တူးဖြစ်ခဲ့ပြီးဖြစ်ပါသည်။ ၀၉-၀၄-၂၀၁၆ နေ့တွင် မိမိတို့ မဟာဗောဓိပရဟိတကျောင်းတွင် ပဗ္ဗဇ္ဇိတ ရဟန်းပဉ္ဇင်းအဖြစ် တက်ရောက်ခံယူုသည်။  သူ၏ မဇ္ဈိမဒေသ ဘုရားဖူးကား သာမာန် ဘုရားဖူး မဟုတ်မူ၍ သာသနာပြု ဘုရားဖူး၊ အပါယ်တံခါးပိတ် ဘုရားဖူးဖြစ်ပေသည်။

မင်းသား Nguyen Hieu သာသနာ့ဘောင် ၀င်ရောက်နိုင်ရန် ကံဆောင်ပေးကြသော ဥပဇ္ဈာယ်ဆရာနှင့် အနုသာသနဆရာ၊ ကာရက သံဃာတော်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

 

mettanwe1webဇယတု သဗ္ဗမင်္ဂလံ ။

သာသနာတော် သက္ကရာဇ် ၂၅၅၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၉ ခုနှစ် ဥတု ဂီမန္တ နွေလရာသီ တန်ခူးလဆန်း(၂) ရက် ၊
ခရစ်နှစ် 9/ 4/ 2016 စနေနေ့  ဗီယက်နမ်နိုင်ငံမှ နာမည်ကျော် ရုပ်ရှင်မင်းသား စူပါမော်ဒလ် ဒါရိုက်တာ NGUYEN HIEU ခေါ် ရှင်အဂ္ဂဓမ္မ သည် မဟာဗောဓိပရဟိမြန်မာကျောင်းတိုက်အတွင်းရှိ ဦးအောင်သာ +ဒေါ်သန်းသန်းမြင့် (ရန်ကုန်မြို့) မိသားစုတို့မှ တစ်ဦးတည်း လှူ ဒါန်းထားသော မဟာဗောဓိသဒ္ဓမ္မဇောတိကာအမည်ရှိ ခဏ္ဍသိမ်တော်ဝယ် မဟိန္ဒာရာမဓမ္မရိပ်သာကျောင်းဆရာတော်ဘဒ္ဒန္တ မဟိန္ဒ မြစ်ကြီးနားမြို့  ကို ရဟန်းဥပဇ္ဈာယ်ပြုလျက် အနု သာသနဆရာ ဗုဒ္ဓကျေးဇူး ဆရာတော် ဘဒ္ဒန္တ ဥတ္တမသိရီ၊ ဗုဒ္ဓကျေးဇူးပရဟိတကျောင်းတိုက်၊ စစ်တွေမြို့  (မေတ္တာနွယ်(မဂဓ) နှင့်

ပထမကမ္မဝါစာဆရာတော်များဖြစ်သော ဦးမဟိန္ဒ(မဟိန္ဒာရာမဓမ္မရိပ်သာ မြစ်ကြီးနားမြို့ )၊  ဦးအဂ္ဂဝံသ(မဟာဗောဓိပရဟိတမြန်မာကျောင်း၊ ဗုဒ္ဓဂယာ)၊ ဦးဥာဏိန္ဒ(နာလန္ဒာတက္ကသိုလ်၊ ဘီဟာပြည်နယ်)၊

ဒုတီယကမ္မဝါစာဆရာတော်များဖြစ်ကြသောဘဒ္ဒန္တ ဣန္ဒာစရိယ(မဂဓတက္ကသိုလ်၊ ဗုဒ္ဓဂယာ)၊ ဘဒ္ဒန္တ ဥတ္တမသိရီ(မဒရပ်တက္ကသိုလ်၊ ချန်နိုင်း တမီနာဒူပြည်နယ်)၊ ဘဒ္ဒန္တ ကုသလ(မဂဓတက္ကသိုလ် ဗုဒ္ဓဂယာ)၊

တတီယကမ္မဝါစာဆရာများဖြစ်ကြသော ဘဒ္ဒန္တဝရဗုဒ္ဓိ(မဟာဗောဓိပရဟိတမြန်မာကျောင်း၊ ဗုဒ္ဓဂယာ)၊ ဘဒ္ဒန္တအာဒိစ္စာနန္ဒ(မဂဓတက္ကသိုလ်၊ ဗုဒ္ဓဂယာ)၊ ဘဒ္ဒန္တတေဇောဘာသ(နာလန္ဒာတက္ကသိုလ်၊ ဘီဟာပြည်နယ်)၊

ကာရကသံဃာဆရာတော်များဖြစ်ကြသော ဘဒ္ဒန္တ သံဝရဗောဓိ(ဗုဒ္ဓဂယာ မဟာဗောဓိဓမ္မရိပ်သာကျောင်း၊ လှိုင်သာယာ)၊ ဘဒ္ဒန္တဥာဏဗောဓိ(မဟာဗောဓိပရဟိတမြန်မာကျောင်း၊ ဗုဒ္ဓဂယာ)၊
ဘဒ္ဒန္တဥာဏသာမိ(မဟာဗောဓိပရဟိတမြန်မာကျောင်း၊ ဗုဒ္ဓဂယာ) တို့၏ ချီးမြှောက်ကံဆောင်မှုဖြင့် ရှင်သာမဏေအဖြစ်မှသည် မြင့်မြတ်သော ရဟန်းတော်အဖြစ်သို့ရောက်ရှိပါသတည်း။

အားလုံးသောဗုဒ္ဓဘာသာဝင် သူတော်စင်များ ဂုဏ်ယူ
ဝမ်းမြောက်နိုင် သာဓု ခေါ်ဆိုနိုင်လျက်
မြတ်ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ဆထက်တပိုး
တိုး၍ ထမ်းဆောင်နိုင် သာသနာပြုနိုင်ကြပါစေ။

အားလုံးသောပုဂ္ဂိုလ် သတ္တဝါအပေါင်း အသက်ရှည်ကျန်းမာ စိတ်ချမ်းသာလျက်
သာသနာပြုနိုင်ကြပါစေ။

Credit: မေတ္တာနွယ်(မဂဓ)